တောင်သုံးလုံးကျေးရွာတွင် အကြွေးတောင်းသည့်ကိစ္စဖြင့် သေနတ် ပစ်ခတ်မှုဖြစ်ပွား

0
462

ထားဝယ်ခရိုင် တောင်သုံးလုံး ကျေးရွာတွင် အကြွေးတောင်းယူသည့် ကိစ္စဖြင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
တောင်သုံးလုံးကျေးရွာတွင် ဒီဇင် ဘာလ ၂၃ ည ၇နာရီ အချိန်ခန့်၌ KNU ယူနီဖောင်းဝတ် လူအချို့ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ အိမ် တစ်အိမ်ရှေ့တွင် ရပ်နားကာ ယင်း အိမ်တွင် နေထိုင်သည့် မိန်းမဖြစ်သူ လက်ကိုဆွဲပြီး ဖမ်းဆီးနေချိန်တွင် ယောင်္ကျားဖြစ်သူမှ ၎င်းတို့အား ဓားဖြင့် ခုတ်ရန် ဝင်ရောက်လာသောကြောင့် ကားအနီးရပ်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး က သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ် လိုက်သည်ဟု မျက်မြင်တွေ့ကြုံရသည့် တောင်သုံးလုံးကျေးရွာမှ အသက်၄၀ အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

” မိုးပေါ်ကို တစ်ချက်ပစ်ပြီး အိမ်ထဲ ကို တစ်ချက်ပစ်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ငွေကြေး ထုတ်ပေးထားသည့် အကြွေးရှင်မှာ ထိုင်းနိုင်ငံမှ ၎င်းအိမ်အား အာမခံထားကာ ကားတစ်စီးနှင့် ဆိုင် ကယ်သုံးစီး အရစ်ကျစနစ်ဖြင့် ရောင်း ထားပြီး အရစ်ကျပေးရမည့်ငွေ ပြန်မဆပ် သည့်အတွက် အကြွေးရှင်မှ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဆီ မတိုင်ကြားဘဲ KNU ထံ သွားရောက်တိုင်ကြားရာမှ ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အကြွေးရှင် အမျိုးသမီးမှာ ကျောက်မဲ တောင်ကျေးရွာ ဇာတိဖြစ်ပြီး လက်ရှိ အချိန်တွင် ထိုင်းနယ်စပ် ဗောဓိကျေးရွာ တွင် နေထိုင်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

သို့သော် ထိုမျက်မြင်သက်သေပြော ဆိုသည့် အချက်အလက်မှာ ကာယကံရှင် မဝင်းသိန်း၏ ပြောဆိုချက်နှင့် ကွဲလွဲမှု များရှိနေသည်။
အိမ်ရှေ့မှ နာမည်ခေါ်သံကြား သဖြင့် အိမ်အတွင်းမှ ချောင်းကြည့် လိုက်ရာ KNU တပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထား သည့် အမျိုးသား ၅ ဦးခန့် မြင်ရသဖြင့် ၎င်းလင်မယားစုံတွဲမှာ အိမ်နံဘေး ပြတင်း ပေါက်မှ ခုန်ထွက်ပြေးကြောင်း၊ ယင်း အချိန် KNU ယူနီဖောင်း ဝတ်ဆင် ထားသည့် အမျိုးသားအချို့မှ လက်အား ဖမ်းဆွဲစဉ် ရုန်းထွက်ပြီး ဘေးချင်းကပ် အိမ်အတွင်းသို့ ဝင်ပြေးခဲ့ရကြောင်း ကာယကံရှင် မဝင်းသိန်းက ပြောသည်။
ထို့နောက် ပတ်ဝန်းကျင်ကို အကူ အညီတောင်းခံပြီး လင်မယားနှစ်ဦးစလုံး ထွက်ပြေးခဲ့ရကာ ယင်းနေရာတွင် အသက် ၅ နှစ်အရွယ် သမီးလေးတစ်ဦး ကျန်ခဲ့သဖြင့် ပြေးရင်းလှည့်ကြည့် လိုက် သည့်အချိန်တွင် KNUဝတ်စုံဝတ် ထား သည့် အကြွေးရှင် အမျိုးသမီးမှာ ကျန်ခဲ့ တဲ့ သမီးလေးကို ပစ်သတ်ဟု အမိန့်ပေး နေသည်ကို တွေ့ရကြောင်း မဝင်းသိန်းက ဆိုသည်။

“ကြောက်လွန်းလို့ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး။ မြန်မာ နိုင်ငံမှာ အစိုးရကတစ်ခုပဲ ရှိတယ်လို့ သိထားတာ”ဟု မဝင်းသိန်းက ပြောသည်။
အကြွေးတောင်းရာမှ စတင်သည့် ကိစ္စဟု အကြမ်းဖျင်းအားဖြင့် သိထားပြီး သတင်းများက ဝေခွဲမရ ဖြစ်နေကာ ယင်း ပစ်ခတ်မှုအား အရေးယူ ကိုင်ကွယ်နိုင်ရန် အတွက် အထက်သို့ တင်ပြထားပြီး ညွှန် ကြားချက် စောင့်ဆိုင်းနေကြောင်း တပ်မဟာ(၄) ထားဝယ်၊ မြိတ်ခရိုင် KNU ဆက်ဆံရေး ရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။

“လူထု အထိတ်တလန့် ဖြစ် စေတဲ့ အတွက် ကောင်းတဲ့လုပ်ရပ်တော့ မဟုတ် ဘူး”ဟု ဖဒိုဝင်းခိုင်က ပြောသည်။
အစိုးရဌာနဆိုင်ရာတွေကို လူထုက အားကိုး၍ မရသည့် အတွက် KNUမှ ဝင်ရောက် ဆောင်ရွက်ပေးလိုက်ခြင်း ကြောင့် ယခုကဲ့သို့ မဖြစ်သင့်သည်များ ဖြစ်သွားခဲ့ကြောင်း ၎င်းက ဆက် ပြော သည်။
ယင်းအကြွေးရှင် အမျိုးသမီး မှာ ကျောက်မဲတောင် ကျေးရွာနေ အမျိုးသမီး တစ်ဦးဖြစ်ပြီး ယင်း ငွေကြေးကိစ္စအတွက် ရပ်^ကျေး အုပ်ချုပ်ရေးမှူးဖြင့် အကြိမ် ကြိမ် ရှင်းလင်းပြီးဖြစ်ကာ ဇွန်လ ၉ ရက် ညပိုင်းက အုပ်ချုပ်ရေးမှူးအိမ်၌ KNU တပ်ဖွဲ့ဝင်အချို့မှ လက်ထိပ်ခတ်ကာသေနတ်ဖြင့်ချိန်ပြီး အတင်းအဓမ္မ လက်မှတ်ထိုးစေခဲ့သည်ဟု မဝင်းသိန်း က ပြောသည်။

ယင်းကိစ္စအား ရပ်^ကျေး အုပ်ချုပ်ရေးမှူးအား မေးမြန်းရာ အိမ်တွင် တစ်ကြိမ်နှင့် ရပ်ကွက်ရုံးတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်ရုံးတွင် ဖြေရှင်းစဉ်က KNU တပ်ဖွဲ့မှ လာရောက်ကြည့်ရှုခြင်းသာဖြစ်ကြောင်း၊ ကာယကံရှင်မှ ပြောကြားသကဲ့သို့ KNUမှ လက်ထိပ်ခတ်ခြင်း၊ သေနတ်ဖြင့်ချိန်ခြင်း မရှိဘဲ လက်ထိပ်ခတ်မည်ဟု ခြိမ်းခြောက်ရုံသာရှိသည်ဟု တောင်သုံး လုံးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
ယင်းဖြစ်စဉ် ဖြစ်ပြီးသည်နှင့် သက်ဆိုင်ရာ မြန်မာအစိုးရ အုပ်ချုပ်ရေးဘက်မှ ချက်ခြင်းလာရောက် စစ်ဆေးသွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခုဖြစ်စဉ်အား ရဲစခန်းတွင် အမှု ဖွင့်တိုင်ကြားခြင်းမရှိသလို ယခင်ဖြစ်စဉ် များတွင်လည်း လာ ရောက်တိုင်ကြားခဲ့ခြင်း မရှိကြောင်း ကျောက်မဲတောင် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးက ဆိုသည်။

“ဒီလိုပစ်ခတ်မှုဖြစ်စဉ်တွေ ဒီနယ် တဝိုက်မှာ အရင်က တစ်ခါမှ မဖြစ်ဖူးဘူး” ဟု စခန်းမှူးက ပြောသည်။ယင်းပစ်ခတ်မှု ဖြစ်စဉ်အား အထက်ဌာန အဆင့်ဆင့်သို့ တင်ပြ ထားကြောင်း ၎င်းက ဆက်ပြောသည်။ ၎င်းပစ်ခတ်မှုဖြစ်စဉ်အတွင်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။