ဘုရင့် နေပြည်တော်အနီးက ထားဝယ်ဓမ္မာရုံ

0
563

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်ကပါ။ ထားဝယ်သားဖြစ်တဲ့ ကျွန်တော်ဟာ အလုပ်အကိုင်တစ်ခုကြောင့် မန္တလေး မြို့မှာစတင်ခြေချဖြစ်ခဲ့ပါတယ်။ ကိုယ့် ဒေသနဲ့ ဝေးကွာလှပြီး အသိမိတ်ဆွေ ဆိုလို့ တစ်ယောက်တစ်လေမှကို မရှိတဲ့ မန္တလေးမြို့တော်ကြီးမှာ ခြေချ နေထိုင် ရတော့ အတော်လေးကို အထီးကျန် ဆန်လှပါတယ်။ အားလုံးက အသိ မိတ်ဆွေတွေ မဟုတ်ကြတော့ အားငယ် တဲ့ စိတ်ကလေးတွေလည်း တစ်ခါ တစ်လေ မသိမသာကိန်းအောင်းလို့ပါပဲ။

တစ်နေ့မှာတော့ ကျုံးတော်ကြီး ကိုပတ်လို့ မန္တလေးတောင်ခြေ သွားမယ် ဆိုပြီး ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာရာမှာ မထင်မှတ်တဲ့ နေရာတစ်ခုကို တွေ့လိုက် ရပါတယ်။ ဓမ္မနိဗဒ္ဓထားဝယ်ဓမ္မာရုံကြီး (ဒေသအခေါ် ထားဝယ်ဓမ္မာရုံ)ဆိုတာကို ကျုံးမြောက်ဖက်လမ်းဖြစ်တဲ့ ၁၂ လမ်းနဲ့ ၇၇ လမ်းထောင့်မှာ ထင်ထင်ရှားရှားနဲ့ ခန့်ထည်စွာ တွေ့လိုက်ရလို့ပါ။ အဲဒီ ဓမ္မရုံကို တွေ့တွေ့ချင်းမှာတော့ စိတ် ထဲမှာ သိပ်ကိုအံ့ဩပြီး ဝမ်းသာသွားမိ ပါတယ်။
ထားဝယ်ဒေသကလူတွေ မရှိ သလောက်ရှားပါးတဲ့ ဒီမန္တလေးမြို့ကြီးမှာ ထားဝယ်ဓမ္မရုံတစ်ခုကို ချက်ချင်းကြီး တွေ့လိုက်ရတာ ဆိုတော့ စိတ်ထဲမှာ ဘယ်လို ဝမ်းသာမိမှန်းကို မသိတော့ဘူး။ ပြီးတော့စိတ်ထဲမှာ အားကိုးအားထား တစ်ခု ရလိုက်သလိုလိုနဲ့ ကိုယ့်ကိုယ်ကို လည်း လုံခြုံသွားသလို ခံစားရပါတယ်။ ထားဝယ်ဆိုတဲ့ နာမည်နဲ့ အဆောက်အအုံ တစ်ခုခု သို့မဟုတ် အသင်းအဖွဲ့ တစ် ခုခုကို တခြားနေရာဒေသမှာ တွေ့လိုက် ရတာဟာ ထားဝယ်သားဖြစ်တဲ့ ကျွန်တာ့် စိတ်ကို နွေးထွေး အားတက်စေခဲ့တာ အမှန်ပါပဲ။

အဲဒီအချိန်ကစလို့ နောက်ပိုင်း မန္တလေးမြို့မှာ နေလာတဲ့တစ်လျှောက်လုံး ကျုံးမြောက်ဖက်လမ်းကို ဖြတ်မိတဲ့ အခါတိုင်း ၁၂ လမ်းပေါ်မှာ ရှိနေတဲ့ ထားဝယ်ဓမ္မာရုံကို မဖြစ်မနေ ကြည့်ဖြစ် နေတော့တာပါ။ ထားဝယ်ဓမ္မာရုံကြီးကို ကြည့်လိုက်ရတဲ့ အခိုက် အတန့်မှာလည်း စိတ်ထဲမှာ ကိုယ်ဒေသ၊ကိုယ့်ရပ်ရွာကို ခဏတာ ရောက်သွားမိသလိုပါပဲ။ အဲဒီ အချိန်တွေက ကျွန်တော့် စိတ်ထဲမှာ မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီး ကပ်ကပ် တစ်နေရာမှာ ထားဝယ်ဓမ္မာရုံက ဘယ်လိုလုပ်လာပြီး တည်ရှိနေရတာပါ လိမ့်.. ဆိုတဲ့ ပဟေဠိတစ်ခုက အမြဲတမ်း ညှိတွယ်လျက်ရှိပါတယ်။ ဒီတော့လည်း မန္တလေးမြို့က ထားဝယ်ဓမ္မာရုံကြီးနဲ့ ပက်သက်လို့ လက်လှမ်းမီသလောက် လေ့လာဖြစ်ခဲ့တယ် ဆိုပါတော့။

ဆရာနတ်မောက်ထွန်းရှိန်ရဲ့ ဝင်း တွေနဲ့ တည်ခဲ့တဲ့ မင်းနေပြည်ဆိုတဲ့ စာအုပ်မှာဖော်ပြထားခဲ့တဲ့ အကြောင်း အရာလေးတစ်ခုကို ဖတ်မိခဲ့မိပါတယ်။ အဲဒီတော့မှ ဒီမန္တလေးနန်းမြို့အနီးမှာ ထားဝယ်ဓမ္မာရုံ တည်ရှိနေတာကို နား လည် သဘောပေါက်မိခဲ့တာပါ။ မင်း တုန်းမင်းကြီးဟာ မန္တလေးမှာ မြို့သစ် နန်းသစ်တည်ထောင်တဲ့ အချိန်ကစလို့ နန်းမြို့တော်ရဲ့ မြောက်ပြင်နေရာမှာ ကွက်ချပြီး စစ်တန်းလျား ခြောက်လိုင်း စာမျှ နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်တန်းလျားမှာ နေထိုင်ကြရတဲ့ စစ်သည်အမှုထမ်းအများစုဟာ ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီစတဲ့ဒေသ တွေက လာရောက်အမှုထမ်းကြတဲ့ စစ်သည်တော်များ ဖြစ်ကြပါတယ်။ ဒါကြောင့် မြောက်ပြင် အရပ်ကို ထားဝယ် စစ်သည်တော်များ နေထိုင်တဲ့အရပ်အဖြစ် သတ်မှတ်ခဲ့ကြပြီး နောက်ပိုင်းအရပ် သားများ ဝင်ရောက်နေထိုင်လာတဲ့ အချိန် မှာလည်း ထားဝယ် အရပ်အဖြစ်နဲ့ပဲ လူသိများလာတော့တာပါ။
dawei-dahmma-yone
ထားဝယ်အရပ်ထဲကို နောက်ထပ် ဝင်ရောက်နေထိုင်လာကြတဲ့ အရပ်သား များထဲမှာ ပန်းပဲအတတ်ပညာသည်၊ ပန်းထိမ်အတတ်ပညာသည်နဲ့ တခြား လက်မှု ပညာသည်များလည်း ပါဝင် တယ်လို သိရပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ တွေ့နေရတဲ့နန်းမြို့ တော်ကြီးရဲ့ မြောက်ပြင်ဖြစ်တဲ့ ၁၂ လမ်းနဲ့ ၇၇ လမ်းထောင့်က ထားဝယ် ဓမ္မာရုံကြီး (ဓမ္မနိဗဒ္ဓထားဝယ်ဓမ္မာရုံကြီး)ဟာ ရှေးယခင်က မြောက်ပြင်ထားဝယ် အရပ်မှာ နေထိုင်ကြတဲ့ ထားဝယ်အဆက် အနွယ်များ စုပေါင်းအားထုတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ အထင်ကရ ဓမ္မာရုံကြီး တစ်ဆောင်ဖြစ်ပါတယ်။ ထားဝယ် ဓမ္မာရုံဟာ ရှေးအရင်ကတည်းကနေ တကယ်ကို ထည်ထည်ဝါဝါနဲ့ တည်ရှိ နေခဲ့တာပါ။

ကျွန်တော်တို့ ထားဝယ်ဒေသဟာ မင်းနေပြည်တော်နဲ့ လှမ်းကွာလှတော့ သာမန်အားဖြင့်တွေးရရင် ဘုရင့် နန်းတော်နဲ့ ဆက်သွယ် သိပ်မရှိဘူးလို့ ထင်ချင်စရာပါ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ ထားဝယ် သားတို့ရဲ့ သတ္တိဗျတ္တိနဲ့ လက်ရုံးရည် အစွမ်းပကားတို့ကြောင့် ရှေးအစဉ် အဆက် မင်းနေပြည်တော်များမှာ ထင်ထင်ရှားရှားနဲ့ နေရာရခဲ့ပါတယ်။

အဲဒီလိုထားဝယ်သားများကို နန်း တွင်းမှာ အလေးပေးခံခဲ့ရတာ ဘုရင့် နောင်မင်းတရားကြီး လက်ထက်တော် ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီချိန်ကတည်းကနေ နောက်ပိုင်း ခေတ်အဆက်ဆက် ဘုရင့်နေပြည် တော်တွေမှာ ထားဝယ်သား မင်းမှုထမ်း များကို အရေးကြီးတဲ့ နေရာတွေမှာ ခန့်ထားလာခဲ့တာ နောက်ဆုံး မင်းတုန်း မင်းကြီးနဲ့ သီပေါမင်း လက်ထက်တွေ ဖြစ်တဲ့ ရတနာပုံခေတ်အထိပဲ ဖြစ်ပါ တယ်။ အခုတွေ့မြင်နေရတဲ့ ဓမ္မနိဗုဒ္ဓ ထားဝယ်ဓမ္မာရုံကြီးဟာ ရတနာပုံခေတ် ဘုရင့်အမှုတော်ထမ်း ထားဝယ်သားတို့ နေထိုင်ရာ ထားဝယ်ရပ်ကွက်သူ ရပ်ကွက် သားတို့ ကောင်းမှုကုသိုလ် ကြောင့် ဖြစ်ပေါ်လာတဲ့ ဓမ္မာရုံကြီးပဲ ဖြစ်ပါတယ်။

ကျုံးမြောက်ဖက်လမ်းကို ဖြတ်သွား မိလေတိုင်း လမ်းပေါ်ကနေ ကြည့်ကြည့် ပြီးသာ သွားနေတတ်တဲ့ ကျွန်တော်ဟာ တစ်ခါမှလည်း အဲဒီဓမ္မရုံထဲဝင်ပြီး လေ့လာကြည့်ရှု မဖြစ်ပါဘူး။ ဒီတစ်ခါမှ တော့ တစ်ခုတ်တရကို သွားပြီး ထားဝယ်ဓမ္မာရုံကြီးကို လေ့လာဖြစ်ပါ တယ်။ ဓမ္မာရုံကြီးဟာ ၁၂ လမ်းပေါ်မှာ မြောက်ဘက်ကျုံးကြီးနဲ့ နန်းမြို့ရိုးကြီးကို မျက်နှာမူပြီး တည်ရှိနေတာပါ။ အပြင် ဘက်က ကြည့်လိုက်ရင်နှစ်ထပ် အဆောက်အအုံလို မြင်နေရပြီး ဓမ္မာရုံ ကြီးရဲ့ နံရံအောက်ပိုင်း ပတ်ပတ်လည်ကို မှန်စီရွှေချတွေနဲ့ အလှဆင်ထားပါတယ်။ ဓမ္မရုံကြီးက ၁၂ လမ်းနဲ့ ၇၇ လမ်း ထောင့်မှာ တည်ရှိနေခဲ့တာဖြစ်လို့ အဲဒီလမ်းတွေ ဘက်ကို မျက်နှာမူပြီး အဝင်မုခ်ဦးနဲ့ အုတ်လှေကားတစ်စုံစီ ချထားပါတယ်။

အပေါ်တက်ကြည့်လိုက်တဲ့ အခါ မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိလှတဲ့ ဓမ္မာရုံအတွင်းပိုင်းဧရိယာနဲ့ တဖျက်ဖျက် လက်နေအောင် မှန်စီရွှေချထားတဲ့ အတွင်းနံရံများကို ခန့်ညားစွာနဲ့ တွေ့ရ တော့တာပါ။ ခေါင်းရင်းဘက်မှာ တော့ မှန်စီရွှေချပုလ္လင်တန်း အရှည်ကြီး အပေါ် မှာ ကိန်းဝပ်နေကြတဲ့ ရုပ်ပွားတော် ပေါင်း နှစ်ဆယ်ကျော်လောက်ကို ဖူးတွေ့ ရပါတယ်။ ဆင်းတုတော်တွေရဲ့ လက်ရာ တွေကတော့ ရတနာပုံခေတ်လက်ရာ တွေပဲ ဖြစ်မှာပါ။ အဲဒီဆင်းတုတော်တွေ ထဲမှာထူးခြားတဲ့ ဆင်းတုတော် နှစ်ဆူကို ဖူးတွေ့ရပါတယ်။ မတ်ရပ်ဆင်းတုတော်နဲ့ မဟာမုနိပုံတူ ကျောက်ဆင်းတုတစ်ဆူပါ။ အဲဒီ ဆင်းတုတော်နှစ်ဆူကို နန်းတွင်း ကနေ ပင့်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ သီပေါမင်း ပါတော်မူခါနီး ဆဲဆဲ နန်းတွင်းမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေအချိန် ထားဝယ်ရပ်သား နန်း တွင်း အမှုထမ်းတစ်ယောက်က အဲဒီရုပ် ပွားတော်နှစ်ဆူကို မြောက်ပြင်မှာရှိတဲ့ ထားဝယ်ဓမ္မာရုံအရောက် ပင့်ဆောင် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဓမ္မရုံအတွင်းမှာ ၁၂၄၈ ခုနှစ် က ထားဝယ်ဓမ္မရုံပုံဆိုပြီး ဆွဲထားတဲ့ ပန်းချီ ကားတစ်ချပ်ကို တွေ့ရပါသေး တယ်။ ပုံထဲမှာ မြင်နေရတဲ့ ထားဝယ် ဓမ္မာရုံပုံက အခုလက်ရှိပုံစံနဲ့ မတူပါဘူး။ ပန်းချီကားထဲက ဓမ္မရုံကြီးမှာ နန်းမြို့ တော်ဘက် မျက်နှာမူထားတဲ့ပိုင်းကို မုခ်ခုံးရှစ်ခုပါ အုတ်တိုက်ရှည်ကြီး တစ်ခု နဲ့ ထည့်သွင်းတည်ဆောက် ထားတာ ကိုတွေ့ရပြီး တစ်ဆက်တည်း ရှိနေတဲ့ အဆောက်အုံကိုတော့ သစ်သား တွေနဲ့ပဲ တည်ဆောက်ထား ပုံရပါတယ်။ အခု လက်ရှိပုံစံက ပန်းချီကားထဲမှာမြင်ရတဲ့ အဆောက်အုံကို ၁၉၉၃ ခုနှစ်မှာ အသစ်ပြန်လည်ပြုပြင်ပြီး တည်ဆောက် ထားခဲ့တာသာ ဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ မန္တလေးမြို့ မြောက်ပြင်မှာ တည်ရှိနေတဲ့ ထားဝယ် ဓမ္မာရုံကို ဘယ်ခုနှစ်မှာ စတင်တည် ဆောက်ခဲ့တယ်ဆိုတာကို လေ့လာခွင့်မရ သေးပါဘူး။ ဒါပေမယ့်လည်း သီပေါမင်း လက်ထက်မှာကတည်းက ထားဝယ် ဓမ္မာ ရုံကြီး တည်ရှိနေပြီလို့ ယူဆချင်ပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါ တော်မူခါနီးဆဲဆဲ ဆင်းတုတော် နှစ်ဆူကို နန်းတွင်းထဲကနေ ဒီဓမ္မာရုံအရောက် ပင့်ဆောင်လာနိုင်ခဲ့တယ် ဆိုတာဟာ အဲဒီကတည်းက ဒီနေရာမှာ ထားဝယ် ဓမ္မာရုံကြီး တည်ရှိနေပြီးဖြစ်မှာမို့ပါ။ အခုချိန်မှာတော့ ထားဝယ်ဒေသနဲ့ ဝေး ကွာလှတဲ့ ဘုရင့်နန်းမြို့အနီးမှာ ထားဝယ်ဓမ္မာရုံကြီးတစ်ခု ထည်ထည် ဝါဝါနဲ့ တည်ရှိနေတာကို အရမ်းပဲ ကျေနပ်အားရမိပါတယ်။

အစပထမတုန်းကတော့ မန္တလေး မြို့မှာရှိနေတဲ့ ထားဝယ်ဓမ္မာရုံကြီးကြောင့် အဝေးရောက် ထားဝယ်သားတစ်ယောက် အနေနဲ့ စိတ်လုံခြုံမှုရသလိုလေးပဲ ခံစား မိတာပါ။ တကယ်တော့ ဒီထက်ပိုလေး နက်တဲ့ အဓိပ္ပါယ်တစ်ခုကို ဖော်ဆောင် လျက်ရှိနေပါတယ်။
မန္တလေးမြို့ ဘုရင့်နန်းမြို့တော်အနီး ထားဝယ်ဓမ္မာရုံကြီးတစ်ခု ရှေးအရင် ကတည်းကနေ အခုချိန်ထိ တည်ရှိနေ ခဲ့တာဟာ ရတနာပုံခေတ် ထားဝယ်ဒေ သက မင်းမှုထမ်းတို့ရဲ့ ဘုရင့်နန်းတော် အတွင်း အရေးပါအရာ ရောက်မှုရှိခဲ့ သလိုမျိုး နန်းမြို့အပြင်ဘက်မှာလည်း ရပ်ကွက်တစ်ခုအနေနဲ့ ဖွဲ့စည်းနေထိုင်ပြီး စုပေါင်းဓမ္မာရုံတစ်ခု တည်ထောင်နိုင်ခဲ့ တဲ့အခြေနေအထိ ထင်ထင်ရှားရှားနဲ့ ဝင့်ဝင့်ထည်ထည် နေထိုင်ခဲ့ကြောင်း ဖော်ပြလျက်ရှိတယ်လို့ ကျွန်တော် ထင်မိပါတယ်။