မြင်းနှစ်ကောင် ကသော ရထားနှင့် တစ်ဖတ်သတ်အချစ်

0
387

ဘယ်လိုတိုင်းပြည်ကြီး ဆောက်ကြ မလဲ အိပ်မက်မက်ဖို့ ဗမောင်းတစ်ခါ တင်ပြဖူးပါတယ်။ အဲဒီ အိပ်မက်တိုင်း ပြည်ကြီး အကြောင်း စဉ်းစားမိတိုင်း ဘယ်လိုတိုင်းပြည်ကို၊ ဘယ်သူတွေက၊ ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ လူများ၊ မူများ၊ လုပ်ငန်းစဉ်များ အကြောင်းခေါင်းစားမိတယ်။
ဒီလိုနဲ့ အခုဟာကြီးက တစ်ဖက် သတ်အချစ်ကြီးများ ဖြစ်နေမလား စဉ်းစားမိတယ်။

ဖြစ်ပုံက ဒီလို။
(၁)

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပူးတွဲ လုပ်ဆောင်မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့ အစည်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အကွဲ အလွဲ ဇာတ်လမ်း တွေပြီးတဲ့နောက် အဲဒီနှစ်ဖွဲ့ ပေါင်းပြီး ပထမဆုံး ထုတ်ပြန်လိုက်တာ ပါ။
ပူးတွဲလုပ်ဖို့ အခြားအချက်တွေ ပါသေးပေမယ့် ထုတ်ပြန်ချက်မှာ ဗမောင်းမျက်စိကျမိတာကတော့ ” ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး” ဆိုတဲ့ အသုံးအနှုန်း စကားရပ်ပါ။

အဲဒီ စကားရပ်ကို နှစ်ပိုင်းခွဲမြင် မိပါတယ်။ နံပါတ်တစ် က ဒီမိုက ရေစီ၊ နံပါတ်နှစ်က ဖက်ဒရယ်ပြည်ထောင်စု ပေါ့။
ထုတ်ပြန်ချက်အရ အဲဒီစနစ်နှစ်ခု ကို ဟန်ချက်ညီညီ ပေါင်းစည်းထားတဲ့ ပြည်မြန်မာပေါ်ထွန်းလာရေး လို့မြင် ပါတယ်။
အခုအချိန်မှာလည်း သက်ဆိုင်ရာ နိုင်ငံရေးအုပ်စုတွေကို ကြည့်လိုက်တဲ့ အခါမှာ အချို့အုပ်စုတွေက ဒီမိုကရေစီ ရရှိရေးလို့ ဦးတည်ကြွေးကြော်လုပ် ဆောင်ကြတယ်။ တိုင်းရင်းသား အုပ်စု တွေ့ကြတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ရရှိရေးလို့ အသံထွက် အလုပ်လုပ်ကြတယ်။ အဲဒီ နှစ်ခု ဘာလို့များ အတူတွဲ လုပ်လို့ မရ တာလဲ အတွေးပွားမိတယ်။
2horse-love
ပြီးခဲ့တဲ့ တစ်လကျော်လောက် ကပေါ့လေ။ ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာ တိုင်း ရင်းသားပါတီတွေနဲ့ ညှိပြီးပြိုင် ကြမလား ဆိုပြီး မျှော်တလင့်လင့် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုံလာလာ ပြောတိုင်းယုံသာ လုပ်သွားပြီးဘာမှ အကောင်အထည် ဖော်လာတာမျိုး မရှိခဲ့ပါ။
တကယ်တော့ ၁၉၄၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း (အဲဒီအချိန် ဗိုလ်ချုပ် အောင်ဆန်းဟာ တပ်ကထွက်လိုက် ပြီဖြစ်ပြီး နိုင်ငံရေးသမားဖြစ်သွားပြီ မို့လို့ ဦးအောင်ဆန်းလို့ သုံးနှုန်းရခြင်း ဖြစ်ပါ တယ်) နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေ အတူတကွ လွတ်လပ်ရေးယူဖို့ ညှိခဲ့တုန်းက အဓိကပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးပါ။
တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ နိုင်ငံအတွင်း တန်းတူညီမျှ နေထိုင် နိုင်ရေးပါ။

နောက်ဆုံး စစ်အာဏာ အသိမ်းခံ လိုက်ရ၊ တိုင်းပြည်လည်း ဆိုရှယ်လစ် ဇာတ်အသွင်းခံလိုက်ရ၊ အဲဒီနောက် နိုင်ငံရေးလမ်းကြောင်း အရ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အိပ် မက်လည်း ပျက်သွားရပါတော့တယ်။ ဒါနဲ့ပဲ လက်နက်ကိုင်တော်လှန်းရေး လမ်းစဉ်သည်သာ တစ်ခုတည်းသော လုပ်နည်းလုပ်ဟန် ဖြစ်လာပါတော့တယ်။ ဒါကတော့ သမိုင်းပေါ့လေ။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေးလမ်းကြောင်း ပြန်ပေါ်လာတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အပစ်ရပ်ရေးညှိတယ်။ အခြား တဖက်မှာလည်း ပြည်သူ့တွေ ကိုင်စိုးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ဖို့ ဒီမိုကရေစီ အရေးကို နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ စသည်ဖြင့် လုပ်ကြ ကိုင်ကြတယ်။

တစ်ဖက်က ဒီမိုကရေစီ အရေး အားတိုက်အင်တိုက် လုပ်နေချိန်မှာ အခြားတစ်ဖက်က တိုင်းရင်းသား အရေး ကတော့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဆက်တိုက်လုပ်တာက လွဲပြီး သိပ်အား မပါလှပါ။ (ဒါကပဲ အားလုံးအတွက် မာစတာကီး ဖြစ်နေလို့လားမသိပေါ့လေ)
အစိုးရတစ်ခုတည်းလား။ မဟုတ် ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ပြိုင်ကြမည့် ပါတီကြီးများတွင်လည်း တိုင်းရင်းသားများနှင့် စေ့စပ်ညှိနှိုင်း ရွေးကောက်ပွဲဝင်ခြင်း သဘောမျိုး မတွေ့ လှပါ။

အဲဒီပါတီကြီးတွေက သူတို့ ပါတီ ထဲမှာ တိုင်းရင်းသား တွေရှိ ပါကြောင်း အကြောင်းပြကြတာကို ကြားရပါတယ်။ အဲဒီအတိုင်းသာ ဆိုရင်တော့ အဲဒီ ပါတီခေါင်းဆောင်တွေက လူအများစု အားကိုးနဲ့ တိုင်းရင်းသားတွေကို အိတ်ထဲထည့်ထား၊ ထိန်းချုပ်ချင် ကြဆဲ ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရမှာပါ။
ဩဂုတ်လ ၂၅ ရက်နေ့ထုတ် 7 Day သတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ” တောင်ပြို ကမ်းပြို အစိုးရဖွဲ့နိုင်ရေး နှင့် နိုင်ငံရေး ရှေ့ခရီး” ဆောင်းပါးပါ အပိုဒ်တစ်ပိုဒ်ကို ကောက်နှုတ်ပါရစေ။

” ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ်များထက် တိုင်းရင်းသား ပါတီကိုယ်စားလှယ်များ အနိုင်ရရေးကို မြေတောင် မြှောက်ပေးနိုင်သည့် နိုင်ငံ ရေးအရ အမြင်ကျယ်မှုနှင့် သဘောထား ကြီးမှုတို့သည် လစ်ဟာနေဆဲဖြစ်သည်။ မိတ်ဆွေတိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေးအရ မဟာမိတ်ပြုလျက် လွှတ်တော်တွင်း နိုင်ငံရေးကို ဟန်ချက် ညီညီ စည်းဝါးကိုက်ဖော်ဆောင်နိုင်ခြင်း မရှိသရွေ့ ပြည်သူကို မျက်နှာမူသော နိုင်ငံရေးသည် ဝေးသထက် ဝေးနေဦး မည်ဖြစ်သည်”
ဒီမိုကရေစီ အင်အားစုတွေရဲ့ အလွဲ အကွဲ ဇာတ်လမ်းတွေအကြောင်း ဝေဖန် ရင်း နောက်ပိုင်းပိုထင်ရှားလာတဲ့ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဆိုလိုရင်းကို ဗမောင်းနည်းနည်း ခေါင်းစားမိတယ်။

” ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ်များထက် တိုင်းရင်းသား ပါတီကိုယ်စားလှယ်များ အနိုင်ရရေးကို မြေတောင်မြှောက်ပေးနိုင်သည့် နိုင်ငံရေး အရ အမြင်ကျယ်မှုနှင့် သဘောထား ကြီးမှု ” ဆိုတဲ့ ကိစ္စကို ခေါင်းခြောက်ခံ ကြည့်တဲ့အခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တော် တော်လေး ရင်မောသွားရပါတော့တယ်။
ဥာဏ်မှီသလောက် ဘာသာပြန် ကြည့်လိုက်တော့ (တည့်တည့်ပြောရရင် ဗမာကြီးစိုးသော) ပါတီကြီးတွေက ” သူတို့တို့လိုချင်တဲ့ ဖက်ဒရယ်ပုံစံ” ကိုပဲ သူတို့ အိတ်ထဲမှ တိုင်းရင်းသား နိုင်ငံရေး သမားတွေ သုံးပြီး တိုင်းပြည်တည် ဆောက်လိုပုံရတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အတွက် လုပ်နေတဲ့ တိုင်းရင်းသား ပါတီ တွေလိုချင်တဲ့ ဖက်ဒရယ် ပုံစံကို တူတူ တည်ဆောက်ရအောင် ဆိုတာမျိုးရှိပုံ မရဘူးလို့ ခံစားမိတယ်။

(၂)

တစ်ခု ငြင်းချက်ထုတ်နိုင်တာက ဒီမိုကရေစီ (ဒီမိုကရေစီဆိုတာမှာလည်း ဘယ်လိုမျိုး ဒီမိုကရေစီဆိုတာ ရှိသေး၊ ထားတော့) ရရင် တိုင်းရင်းသားတွေပါ အိုကေစိုပြေပြီ မဟုတ်လားပေါ့။

” ဟုတ်ပါတယ်။ ဒါပေမဲ့လည်း မဟုတ်ပါဘူး။ ”
အားလုံးသိတော်မူကြတဲ့ အတိုင်း ဒီမိုကရေစီဆိုတာ မဲအများစုရတဲ့ သူက အုပ်စိုးတာပါ။ ဒီတော့ လူအများစုမဲနဲ့ လူနည်းစု တိုင်းရင်းသားတွေကို အနိုင် ကျင့်တာမျိုး မဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့စနစ် ကို ထူထောင် လိုရင်းပါ။ (ဥပမာ တွေရှိ ပါသော်ငြား စာရှည်မှာစိုးလို့ မပြော တော့ပါ)

တကယ်တော့ တိုင်းရင်းသား ပါတီတွေက ပါတီကြီးတွေအတွက် ပြိုင် ဘက်တွေ မဟုတ်ပါဘူး။ သမ္မတ ဖြစ်ချင်သူတွေလည်း မဟုတ်ဘူး။ ကိုယ့်နယ်၊ ကိုယ့်လူမျိုး အမှတ်သင်္ကေတ စရိုက်လက္ခဏာတွေ ဖော်ထုတ်ထိန်း သိမ်းမယ်။ ကိုယ့်နယ်၊ ကိုယ့်လူမျိုး နေထိုင်ရာ ဒေသလေးက ၀ပြောစည်ပင်ဖို့ လုပ်မယ်၊ လေသန့်သန့်၊ ရေသန့် သန့်လေး ရဖို့ လုပ်မယ်။ ဘုရားတောင် ပေါ်မှာ တိုင်းတပါးက နတ်ကွန်း လာတည်တာကို ကာကွယ်မယ်။ ကိုယ့် အကြောင်းကို နားလည်တဲ့၊ ရင်ဘတ် ချင်းနီးတဲ့ ကိုယ့်အစိုးရ သေးသေးလေးကို ကိုယ့်နယ်အတွက် အုပ်ချုပ်ဖို့ ရွေးချယ် တင်မြှောက်မယ်။ ဒီလောက်ပါပဲ။
ဒီတော့ ဒီမိုကရေစီ စနစ်လည်း ခိုင်မာဖို့ လိုသလို၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်သည် လည်း တပြိုင်တည်း တွဲပါလာရမှာပါ။

ဒါမှ ” ဒီမိုကရေစီ” ဆိုတဲ့ မြင်းနဲ့ “ဖက်ဒရယ်ပြည်ထောင်စု” ဆိုတဲ့ မြင်း နှစ်ကောင် တူတူကတဲ့ မြန်မာပြည် ရထားကြီးက လှပခန့်ညား ဟန်ချက် ညီမှာပါ။
အခုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီတွေ ခမျှာ မျှော်တလင့်လင်နဲ့၊ ညှိဖို့ လက်ကမ်းလေမလား၊ စကားများ အတူတူ ပြောကြမလား။ တိုင်းပြည်ကို ရှေ့ဆက်ဘယ်လိုတူတူ တည်ဆောက်ကြမလား လက်ဖက်ရည်ဝိုင်းလေးတည်ကြမလား . . . ။ မလား . .။ မလားနဲ့ပေါ့။
တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပါတီတွေဘက်က လေသံပစ် လက်ကမ်း ဖူးတာတွေလည်း ကြားရပါတယ်။ ဒါပေမဲ့ ဖြစ်လာတာ မျိုးမတွေ့ရ။ အားလုံးသိတဲ့အတိုင်းပဲလေ ဖြစ်နေ ပျက်နေလိုက် ကြတာများ။

ချစ်ရေးဆိုကြည့်တယ်၊ အချစ်ကိုရဖို့လည်း ကြိုးစားတယ်။ သို့ ပေသိ နေနိုင်ရက်ပါ့ပေါ့လေ။
ဗမောင်းတို့ တိုင်းထဲမှာတော့ ထားဝယ်၊ မွန်၊ ကရင်ပါတီတွေ အချင်းချင်း နိုင်သလောက် ညှိပြီး ပြိုင်ကြတယ်လို့ သတင်းတွေမှာ ဖတ်ရ၊ သိရတယ်။ တိုင်းရင်းသားပါတီတစ်ခုဆို ဒီမိုကရက်တစ် အင်အားစုတွေနဲ့ မဲကွဲမှာစိုးလို့အချို့ အမျိုးသားလွှတ်တော်နဲ့ပြည်သူ့ လွှတ်တော်နေရာတွေ မပြိုင်တော့တဲ့။
ဒီအတိုင်းသာမှန်ရင် ဒါကြီးလည်း တစ်ဖက်သတ် အချစ်ကြီး ဖြစ်နေပါလားလို့ တွေးမိရင်မောရတယ်။ ချစ်ဖူးသူတိုင်း သိကြပါ တယ်။ တစ်ဖက်သတ် အချစ်ဆိုတာ ဘယ်လိုမျိုးကြီးလဲလို့။

ရေးရင်းရေးရင်း ရင်မောလာ သလိုလို၊ ရင်တုန်လာသလိုလို။

ဗမောင်း
ဩဂုတ်လ ၂၇ ရက်