ဂရက် အနက်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေ ကြတဲ့ အသုံးအနှုန်းတွေအနက် တချို့ သော အသုံးအနှုန်းတွေမှာ ဂယက်အနက် ရှိကြပါတယ်။ သာဓကအားဖြင့် အနောက် တိုင်းသား တစ်ဦးကို “Snake…..Snake” လို့ ပြောလိုက်ရင် ဒီအနောက် တိုင်းသားဟာ ထခုန်မိလုမတတ် ထိတ် လန့် ကြောက်ရွံ့ သွားနိုင်သလို မြန်မာ လူမျိုးတစ်ဦးကို “မြွေဗျို့….မြွေ” လို့ ပြောလိုက်ရင် အနောက်တိုင်းသားနည်း တူ ကြောက်ရွံ့သွားမှာ သေချာပါတယ်။

အခုလို မြွေတစ်ကောင်လုံးကို မမြင် တွေ့ရသေးခင် မြွေဆိုတဲ့အသုံးအနှုန်း ကို ကြားရရုံနဲ့ အထိတ်တလန့်ဖြစ်ရတာ ကတော့ စကားလုံးနဲ့ တွဲဖက်ဆက်စပ်ပြီး စိတ်ခံစားမှု ဖြစ်ပေါ်စေတတ်တဲ့ ဂယက် အနက်ကြောင့် ဖြစ်ပါတယ်။ မြွေဆိုတဲ့ သတ္တဝါဟာ အဆိပ်ရှိမှန်း၊ အကိုက်ခံရ ရင် သေဆုံးတတ်မှန်း လူတိုင်းသိရှိ နား လည်ကြတာမို့ သက်ရှိမြွေကိုသာမက ဒီသတ္တဝါကို ကိုယ်စားပြုတဲ့ မြွေဆိုတဲ့ အသုံးအနှုန်းကိုပါ ထိတ်လန့်ကြောက်ရွံ့ ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခြွင်းချက် အနေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားချက် အတိမ် အနက်ပေါ်မူတည်ပြီး ဂယက်အနက် အကြီးအသေး ကွဲပြားခြားနားတတ်ကြပါ တယ်။
သာဓကအားဖြင့် မြွေကို အိမ်မွေး ခွေးလေး၊ ကြောင်လေးလောက်သာ သဘောထားတဲ့ စတိဗ်အာဝင်လို ပုဂ္ဂိုလ် အတွက်တော့ ဘာမှသိပ်မထူးဆန်းတဲ့ အတွက် ဂယက်အနက် သိပ်မကြီးမား နိုင်ပါဘူး။
gayet-anat
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မတူ ကွဲပြားခြားနားတဲ့ တိုင်းရင်းသား ညီနောင်တွေ ဆယ်စုနှစ်ပေါင်းများစွာ ဖိန့်ဖိန့်တုန် ကြောက်လန့်ရလောက်အောင် ဂယက်အနက် ကြီးမားခဲ့တဲ့ အသုံးအနှုန်း တစ်ခုရှိပါတယ်။
ဒီအသုံးအနှုန်းကတော့” နိုင်ငံရေး” ပါပဲ။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တစေ့တစောင်း ပြန်ကြည့်လိုက်ရင် ကာလအရှည်ကြာဆုံး ဖြတ်သန်းခဲ့ရတာ အကြွင်းမဲ့ ဘုရင်စနစ်(absolute monarchy) ပါပဲ။ အနော်ရထာမင်း နန်းတက်တဲ့ သက္ကရာဇ် ၁၀၄၄က သီပေါ မင်း ပါတော်မူခဲ့တဲ့ ၁၈၈၅ထိ အစဉ် အဆက် နှစ်ပေါင်းရှစ်ရာကျော် အကြွင်းမဲ့ ဘုရင်စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ အကြွင်းမဲ့ ဘုရင်စနစ်မည်သည် အကန့် အသတ်မဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ရှင်ဘုရင် တစ်ဦးတည်း လက်ထဲမှာရှိပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရား ဥပဒေပြုရေး …စတဲ့ မဏ္ဍိုင်ကြီးသုံးရပ်နဲ့ အာဏာခွဲဝေ ကျင့်သုံးမှု မရှိပါဘူး။ ဒါ့အပြင် မှူးမတ်၊ ဝန်ကြီးနဲ့ မြို့စားနယ် စားတွေဟာ ဘုရင့်ဆွေမျိုးသားချင်းတွေ၊ ဘုရင့် စိတ်တိုင်းကျ ရွေးချယ်ခန့်အပ် ထားသူတွေမို့ ရှင်ဘုရင်ကို ပုန်စား ပုန် ကန်ပြုလုပ်မယ့် အင်အားစုဆိုတာ မရှိ သလောက်ပါပဲ။

အလားတူပဲ ဒီအချိန်က အနောက် တိုင်း နိုင်ငံတွေမှာလည်း ပဒေသရာဇ် စနစ်ကို ကျင့်သုံးခဲ့ကြပေမယ့် မြန်မာ အပါအဝင် အာရှနိုင်ငံတွေ လက်ခံကျင့် သုံးခဲ့ကြတဲ့ ပဒေသရာဇ်စနစ်နဲ့ ကွာခြား လှပါတယ်။ ယေဘုယျအားဖြင့် အနောက် တိုင်းပဒေသရာဇ် စနစ်မှာ ဘုရင် (King)၊ ဒေသခံ ပဒေသရာဇ် (Local Feudal Landlord ) နဲ့ ကျောင်းတော် (Church)ဆိုတဲ့ အာဏာ ဗဟိုချက်မသုံးခုရှိပါ တယ်။ ဒေသခံ ပဒေသရာဇ်နဲ့ ကျောင်း တော်မှာ ကိုယ်ပိုင် အပိုင်စားနယ်မြေ၊ ကိုယ်ပိုင် စီးပွားရေးနဲ့ ကိုယ်ပိုင်လက် နက်ကိုင် တပ်ဖွဲ့တွေ ကိုယ်စီရှိကြပြီး ဘုရင်ကိုအချိန်မရွေး အံတုခြိမ်းခြောက် နိုင်တဲ့အနေအထားမှာ ရှိကြပါတယ်။ အခုလို အာဏာခွဲဝေ ကျင့်သုံးမှုကြောင့် အနောက်တိုင်း ပဒေသရာဇ်စနစ်မှာ ဘုရင်ဟာ အများအားဖြင့် ရေမြေ့ သနင်း ပြည့်ရှင်မင်းတွေ ဖြစ်ခွင့်မရသလောက် ပါပဲ။ ဒါပေမဲ့ မြန်မာ့နည်းမြန်မာ့ ဟန် ပဒေသရာဇ်စနစ်မှာတော့ အာဏာခွဲဝေ ကျင့်သုံးကျင့်သုံးမှု မရှိတဲ့အပြင် သာမန် ပြည်သူတစ်ဦးဟာ ဘုရင်မင်းမြတ် သနား သဖြင့် ချီးမြှောက်လို့ တိုင်းရေးပြည်ရေး မှာ ဝင်ရောက် ပါဝင်ပတ်သက်ခွင့် ရရှိ တာကလွဲလို့ တခြားနည်းလမ်းနဲ့နိုင်ငံရေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါအပြင် မြန်မာမင်းဧကရာဇ် အတော်များများဟာ အာဏာနဲ့ပတ်သက် လာရင် အကဲဆတ်ကြပါတယ်။ ထီးနန်း စည်းစိမ်အတွက် ညီအစ်ကိုချင်းတောင် သတ်ဖြတ်ကြဖို့ ဝန်မလေးသလို နန်းတွင်း ပုရောဟိတ်ကြီးတွေက မင်းလောင်း ပေါ်မယ်လို့ ဟောကိန်းထုတ်ခဲ့ရင် ကိုယ် ဝန်ဆောင်တွေသာမက ပုခက်တွင်း မွေးကင်းစကလေးတွေတောင် သတ် ဖြတ်ဖို့ လက်မတွန့်ခဲ့ကြပါဘူး။ မြန်မာ့ သမိုင်းမှာ မင်းကောင်းမင်းမြတ်တစ်ပါး အဖြစ် ပြောစမှတ်တွင်ခဲ့တဲ့ အနော်ရထာ (အနိရုဒ္ဓ)ဟာ နောင်တော် စုက္ကတေးမင်း နဲ့ စီးချင်းထိုးသတ်ပြီး ထီးနန်းစည်းစိမ်ကို ရယူခဲ့သလို ထိလိုင်ရှင်(ကျန်စစ်သား)ပဋိသန္ဓေတည်တဲ့အခါ မြေငလျင်လှုပ် ခဲ့ပြီး နန်းတွင်းပရောဟိတ်တွေက မြောက် အရပ်မှာ မင်းလောင်း ပဋိသန္ဓေနေသော ကြောင့်လို့ နိမိတ်ဖတ်ပေးခဲ့လို့ ကိုယ်ဝန် သည် ၇၀၀၀ ကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် မင်း လောင်းဟာ ဘေးမသီရန်မခ မွေးဖွားခဲ့ပြီ လို့ နိမိတ်ဖတ်ပေးခဲ့လို့ နို့စို့ ပုခက်တွင်း ကလေးငယ် ၆၀၀၀ ကျော် ထပ်မံ အသတ်ခံခဲ့ရပါတယ်။ တစ်ဖန် ၅ နှစ် ကျော် ၆ နှစ်လောက်အကြာမှာ ငလျင် ထပ်လှုပ်ပြီး ပုရောဟိတ်တွေက မင်း လောင်းဟာ နွားကျောင်းသားအရွယ် ရောက်နေပြီလို့ နိမိတ်ဖတ်ပေးခဲ့လို့ ကလေး ၅၀၀၀ကျော် ထပ်မံအသတ် ခံရပြန်ပါတယ်။

ဒါပေမဲ့ မင်းဆိုးမင်းညစ် အနော်ရ ထာဟာ ထေရဝါဒီ ရဟန်းတော် ရှင် အရဟံနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို ချီးမြှင့် မြောက်စားသော၊ မင်းကျင့်တရား ဆယ်ပါးနဲ့အညီ ကျင့်ကြံ သော မင်းတစ်ပါးအဖြစ် တိုင်းသူပြည် သားတွေရဲ့ ရိုသေလေးစား ချစ်ခင်မှုရရှိ ခဲ့ပါတယ်။ ဒါကလည်း မြန်မာရာဇဝင် မှာ အလွန်တရာမှ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်တစ်ခုဖြစ်ပြီး မင်းဧကရာဇ် အများ စုဟာ သူတို့အာဏာကို ထိပါးလာရင် မည်သူ တစ်ဦးတစ်ယောက်မှ ချမ်းသာ ပေးရိုးထုံးစံ မရှိသလို ကျူပင်ခုတ် ကျူ ငုတ်ပါ မကျန်အောင် သုတ်သင်ရှင်းလင်း ပစ်လေ့ရှိပါတယ်။ ဒီလို နောက်ခံအခင်း အကျင်းတွေကြောင့် မြန်မာလူမျိုးတွေဟာ အစဉ်အဆက် မင်းဧကရာဇ်နဲ့ ပတ်သက် ရမှာ ဝန်လေးခဲ့ကြသလို တိုင်းရေးပြည်ရာ ကိစ္စရပ်တွေမှာလည်း ရှင်ဘုရင်အပေါ် လုံးဝယုံမှတ်လို့ ပုံအပ်ခဲ့ကြပါတယ်။

အခုလို အကြွင်းမဲ့ ဘုရင်စနစ်နဲ့ နှစ်ပေါင်း ရှစ်ရာကျော် နေသားကျလာ ခဲ့ပြီး ၁၈၈၅ ခုနှစ်မှာ သီပေါမင်း ပါတော်မူခြင်းနဲ့အတူ မြန်မာ တစ်နိုင်ငံ လုံး သူ့ကျွန်ဘ၀ ကျရောက်ခဲ့ပါတယ်။ တိုင်းတစ်ပါး ကျွန်အဖြစ် ရောက်ရှိချိန်မှာ မြန်မာ တစ်မျိုးသားလုံး ဝံသာနုစိတ် ဓာတ်တွေ နိုးကြားလာပြီး အင်္ဂလိပ်တွေ ကို ရရာလက်နက်ကိုင်စွဲ တော်လှန်ခဲ့ ကြပေမယ့် လက်နက်အင်အားချင်း မမျှ သလို ပြည်သူလူထုတစ်ရပ်လုံး ပါဝင်တဲ့ တော်လှန်ရေးမဟုတ်လို့ ရှုံးနိမ့်ခဲ့ရပါ တယ်။ ဒါပေမဲ့ ၁၉၂၀ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ပေါ်ပေါက်လာပြီး ၁၉၃၅-၄၀ ဝန်းကျင်မှာ ကိုအောင်ဆန်း၊ ကိုအောင် ကျော်၊ ကိုဗဟိန်း အစရှိတဲ့ တက္ကသိုလ် ကျောင်းသားလေးတွေရဲ့ ကျောင်းသား သမဂ္ဂ အခြေပြုနိုင်ငံရေးလှုပ်ရှားမှုနဲ့ သခင်လူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ ကြောင့် ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံ ရေးနား၊ မျက်စိတွေ ပွင့်ခဲ့ရပါတယ်။ အဆိုပါ တက္ကသိုလ်ကျောင်းသားလေး တွေအနက် ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူ ကိုအောင်ဆန်း ဟာ ဗမာ့တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းအဖြစ် အသီးသီး တာဝန် ထမ်းရွက်ခဲ့ပြီး လွတ်လပ်ရေးကို အရယူ ပေးခဲ့ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုက ရေစီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ပြည်သူလူထုဟာ ပဒေသရာဇ်ခေတ်နဲ့ ကိုလိုနီခေတ်တုန်းကထက် နိုင်ငံရေး လှုပ်ရှားမှုနယ်ပယ် ပိုမိုကျယ်ပြန့်ခဲ့ရပါ တယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာ ဖလပလအဖွဲ့ကြီးရဲ့ အကွဲအပြဲနဲ့ ပြည်တွင်း ရောင်စုံသူပုန်တွေရဲ့ ပယောဂ ကြောင့် ၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်မတော်ဟာ တိုင်းပြည်အာဏာကို ဒုတိယအကြိမ် သိမ်းခဲ့ပါတယ်။ အဲဒီနေ့ အဲဒီအချိန် ကစလို့ ဗိုလ်ချုပ်နေဝင်းဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြီးတိုင် ဖျက်သိမ်း ပြီး အတိုက်အခံမရှိ၊ ပြိုင်ဘက်မရှိတဲ့ တစ်ပါတီစနစ် ကျင့်သုံးခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်နေဝင်း ဘ၀က မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်း အဖြစ် ပြောင်းလဲခံယူခဲ့ပါတယ်။ ပြီးတော့ ရှေးက ဘုရင်တွေထုံး နှလုံးမူပြီး သူ့လက် ရင်းတပည့် သားမြေးတွေနဲ့ သူ့ဆွေမျိုး သားချင်းတွေကို သူကောင်းပြုတဲ့ အနေနဲ့ တိုင်းပြည်ရဲ့ အရေးပါတဲ့နေရာဌာနတွေ မှာ ခန့်ထားခဲ့ပါတယ်။

ဒါတွေအပြင်တစ်သက်လုံး စစ်သား ဘ၀နဲ့ ခေါက်ရိုးကျိုးနေတဲ့ ဗိုလ်ချုပ် နေဝင်းဟာ စစ်ရေးအမြင်မရှိတဲ့ အရပ်သား နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်လို့ တစ်ထစ် ချမှတ်ယူပြီး အရပ်သားတွေကို နိုင်ငံရေး လုပ်ခွင့်မရအောင် နည်းမျိုးစုံနဲ့ တားဆီး ပိတ်ပင်ခဲ့ပါတယ်။ အကယ်၍ မဆလ ခေတ်မှာ အရပ်သားတွေ နိုင်ငံရေး လုပ်မိရင်လည်း နိုင်ငံတော် ပုန်ကန်မှုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး ကိုကိုးကျွန်းလို ဝေးလံခေါင်ဖျားလှတဲ့ အရပ်ဒေသတွေပို့ပြီး ဖမ်းဆီး ချုပ်နှောင် ခဲ့ပါတယ်။ ဒါကြောင့် မဆလခေတ် တစ်လျှောက်လုံး နိုင်ငံရေးမှာ သာမန် အရပ်သားတွေပါဝင် ပတ်သက်ခွင့် မရဘဲ နိုင်ငံရေး ခါးဆက်ပြတ်မှုနဲ့ ကြုံတွေ့ခဲ့ရပါ တယ်။