အပြစ်မရှိကြောင်း အဆုံးအစွန်အထိ ချေပမည်ဟု ယင်းလပ်ပြော

0
891
Dawei Watch, Dawei News, Dawei News Media

 လက်ရှိ စစ်တပ်ကြီးစိုးထားသော ထိုင်းလွှတ်တော်၏ နိုင်ငံရေး လုပ်ခွင့်ငါးနှစ်ပိတ်ပင်လိုက်ခြင်း ခံလိုက်ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်က အပြစ်မရှိကြောင်း အဆုံးအစွန်အထိ ရင်ဆိုင်ချေပသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုင်းပါလီမန်က ထိုသို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပင်ကျင်းပခွင့်မရသော ယင်းလပ်က သူမ၏ Facebook အင်တာနက် စာမျက်နှာမှ တဆင့် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ဟာ ထိုင်းမှာ ဒီမိုကရေစီ ကျဆုံးတဲ့နေ့ပါပဲ”ဟု သူမ၏ Facebook အင်တာနက် စာမျက်နှာမှ တဆင့် ပြောဆိုခဲ့သည်။

“ဘယ်လို ရလာဒ်ထွက်လာသည်ဖြစ်စေ ရင်ဆိုင်သွားမယ်”ဟု သူမက ဆက်ရေးထားသည်။

လယ်သမားများကို အကူအညီပေးရာရောက်သည်ဆိုသော ဆန်စပါးထောက်ပံ့ရေး အစီအစဉ်တွင် ပေါ့လျော့မှု၊ အကျင့်ပျက်ချစားမှုများရှိနေသည်ဟုဆိုကာ ယင်းလပ်ကို စွပ်စွဲထားခြင်းဖြစ်ပြီး ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းစွပ်စွဲချက်မှန်ကန်ကြောင်းတွေ့ရှိရပါက ထောင်ဆယ်နှစ် အထိ ကျခံရဖွယ်ရှိနေသည်။

သက်ဆင် အသိုင်းအဝိုင်းကို ထိုင်းနိုင်ငံရေးမှ ဖယ်ရှားရန် စစ်တပ်က အစီအစဉ်တကျ လုပ်ဆောင်နေကြောင်း စွပ်စွဲချက်များအကြား ထိုင်းပါလီမန်က ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဆင်းရဲသားများ၏ ဘဝကို မြှင့်တင်ပေးနိုင်ခဲ့သဖြင့် သက်ဆင်နှင့် ဆက်စပ်သော ပါတီများသည် အကြိမ်ကြိမ်ပိတ်ပင်ခံသော်လည်း အမည်အမျိုးမျိုးပြောင်းကာ ဝင်ပြိုင်ကာ ၂၀၀၁ ကတည်းက ရွေးကောက်ပွဲတိုင်းကို အနိုင်ရခဲ့သည်။

ထိုင်းပါလီမန်က ထိုသို့ ပိတ်ပင်မှု ဆုံးဖြတ်လိုက်ပြီးနောက် ယင်းလပ်က သတင်းစာရှင်းလင်းပွဲ လုပ်ရန်န် ကြိုးစားခဲ့သော်လည်း ထိုင်းစစ်အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

ထိုင်းနိုင်ငံတွင် အရေးပေါ်ဥပဒေပြဌာန်းထားဆဲဖြစ်ပြီး နိုင်ငံရေး ဆိုင်ရာ ပြောဆို လှုပ်ရှားမှုများကို ပိတ်ပင်ထားသည်။