ရာသီဥတုမမှန်သောကြောင့် ကော့သောင်းတွင် ကွမ်းသီအထွက်လျော့

0
1005
ဓာတ်ပုံ - ယဉ်စနိုင်း

ကွမ်းသီးဈေး ကောင်းနေသော်လည်း ယခုနှစ်တွင် ရာသီဥတုမမှန်သောကြောင့် ယခင် နှစ်ကလောက် ကော့သောင်းတွင် ကွမ်းသီးအထွက်နှုန်းမကောင်းကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရသည်။

ယခုနှစ် ကွမ်းသီးသီးချိန်တွင် နေအပူရှိန်ပြင်းခြင်း၊ အရှေ့လေတိုက်ခြင်း၊ အချိန်အခါမဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ကွမ်းပန်းကြွေကျမှု ဖြစ်ကာ ကွမ်းသီးအထွက်နှုန်း လျော့သွားသည်ဟု ၁၄ မိုင်ကျေးရွာ ကွမ်းစိုက်တောင် သူတို့ကဆိုသည်။

“ပြီးခဲ့တဲ့နှစ်တွေက နေအပူရှိန်ပြင်းလည်း ရေလောင်းနေတော့ ကွမ်းသီး အထွက်ပုံမှန်ရှိတယ်။ ဒီနှစ်မှာတော့ လေတိုက်လိုက်၊ နေပူရှိန်ပြင်းလိုက်နဲ့ ကွမ်းပန်းတွေ အသီးမသီးခင် ကြွေတာများတယ်။ ဒီနှစ်ထင်သလောက် မသီးဘူး”ဟု ကွမ်းစိုက်တောင်သူ တစ်ဦးဖြစ်သည့် ဒေါ်မွန် က ပြောသည်။

ကွမ်းသီးရာသီ တစ်နှစ်လျှင် ၁၅ သိန်း နီးပါးအထိ ဝင်ငွေရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၁၀ သိန်းအောက်အထိသာဝင်ငွေ ရှိကြောင်း ၎င်းကဆိုသည်။

ကွမ်းသီးအစို၊ ကွမ်းသီး ခြောက်အသစ်၊ ကွမ်းသီးခြောက်အဟောင်း ဈေး ကောင်းနေသော်လည်း ကွမ်းသီး အထွက်နှုန်း မကောင်းကြောင်း ဒေသခံကွမ်းစိုက် တောင်သူတို့ကဆိုသည်။