ထိုင်းဘတ်ဈေး ဆက်တိုက်တက်နေပြီး ဆက်လက်မြင့်တက်နိုင်

0
4427

လချီငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုလဆန်းမှစတင်ကာ တရွေ့ရွေ့တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းမှစကာ ငြိမ်သက်နေသည့်ဘတ်ဈေးသည် လေးလခန့်အကြာတွင် တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ဘတ်ဈေးငြိမ်စဉ်က ထိုင်းငွေတစ်ဘတ်လျှင် ၇၄ ကျပ်ခန့် ပေါက်ဈေးရှိရာမှ လက်ရှိတွင် ၈၄ ကျပ်အထိ ဈေးပေါက်နေသည်။

လက်ရှိနိုင်ငံရေးအခြေအနေနှင့် စီးပွားရေးအနေအထားအရ ကျပ်ငွေနှင့် ထိုင်းဘတ်ငွေလဲလှယ်ရာတွင် ဘတ်စျေးမာနေဦးမည်ဖြစ်ကြောင်း ငွေလွှဲလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးတတ်နိုင်သူများက ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာကြသလို ငွေကြေးလွှဲပြောင်းမှုများကြောင့် ဘတ်ငွေဝယ်လိုအားမြင့်တက်လာကြောင်း မြန်မာစီးပွားရေးပညာရှင်တစ်ဦးက Dawei Watch ကို ပြောသည်။

“အခုဒီခေတ်မှာ စိတ်ဝင်စားစရာက လူလတ်တန်းစားအထက်နဲ့ သူဌေးတွေက ထိုင်းမှာ ရင်းနှီးလာတာပဲ”ဟု အဆိုပါ စီးပွားရေးပညာရှင်က ဆိုသည်။

ထိုအခင်းအကျင်းများအပြင် မတည်ငြိမ်သည့်ကျပ်ငွေ ကိုင်ထားခြင်းထက် ရွှေနှင့် အမေရိကန်ဒေါ်လာကို ဝယ်ယူရင်းနှီးထားရာမှ လက်ရှိတွင် ထိုင်းဘတ်ကိုလည်း ဝယ်ယူရင်းနှီးမြှုပ်နှံလာကြကြောင်း ၎င်းက ပြောသည်။

ယင်းကြောင့် ဘတ်ငွေနှင့် မြန်မာငွေလဲလှယ်နှုန်းထား တရိပ်ရိပ်မြင့်တက်လာကြောင်း အဆိုပါ စီးပွားရေးပညာရှင်က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် ငွေကြေးလိုအပ်ချက် မြင့်မားနေကြောင်း၊ ယင်းအတွက် ငွေစက္ကူအသစ် ရိုက်နှိပ်တာမျိုး လုပ်ဆောင်ပါကလည်း ကျပ်ငွေတန်ဖိုးထပ်ကျနိုင်ကြောင်း အချို့ကလည်း သုံးသပ်ပြောဆိုကြသည်။