ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီးတို့ကို စစ်ကောင်စီဖမ်းဆီး

0
3554

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူကို မနေ့ (ဒီဇင်ဘာ ၂၇)ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးသလို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း နီးစပ်သူအသိုင်းအဝိုင်းက ပြောဆိုသည်။

“မနက်တုန်းက အိမ်မှာသွားကြည့်တာလည်း မရှိဘူး၊ လင်မယားနှစ်ယောက်လုံး ပါသွားတယ်လို့ ကြားတယ်၊ ကလေးတစ်ယောက်တော့ အိမ်မှာရှိနေတယ်၊ ကလေးကိုမေးတာလည်း ကလေးကလည်း ဘာမှမသိဘူး” ဟု ဦးအောင်နိုင်ဦးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

နာရေးကူညီမှုအသင်း-ထားဝယ်မှာ ကိုဗစ်ကာလအတွင်း ထားဝယ်မြို့တွင်းနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အလောင်းများ ကူညီသယ်ဆောင်ခြင်း မီးသင်္ဂြိုဟ်ခြင်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ဦးအောင်နိုင်ဦးမှာ တက်တက်ကြွကြွ ပါဝင်ကူညီ လုပ်ကိုင်ပေးနေသူလည်းဖြစ်သည်။

ထားဝယ်ခရိုင်ကြက်ခြေနီအဖွဲ့၏ ဒုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်မှာလည်း နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက အရေးပေါ်လူနာပို့ဆောင်နေစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လေးရက်ကြာ စစ်ဆေးခံရပြီးနောက် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။