ဝေဖန်ခံနေရသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ် စစ်ဆေးမှုများဖြေလျှော့

0
3675

အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ဝေဖန်ခံနေရသည့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဖြေလျှော့ပေးလိုက်သဖြင့် ယခင်လို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများထံမှသိရသည်။

ယခင်က ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပိတ်ဆို့နေ၍ နာရီပေါင်းများစွာ စောင့်ဆိုင်းရသည့် ညောင်ခါးရှည် ခေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ဒီဇင်ဘာလ ပထမပတ်မှစပြီး ပုံမှန်နီးပါးအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ခရီးသည်တင်းကား မောင်းသူများ၏ပြောဆိုချက်အရသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ရန်ကုန်မော်လာမြိုင်၊ထားဝယ်၊မြိတ်၊‌ ကော့သောင်း ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများသည် အဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်အသွားတစ်ကြောင်းသာ စစ်ဆေးခံရသည့်အတွက်ကြောင့် ညအိပ်စရာမလိုတော့ဘဲ ယခင်ကအတိုင်း ရန်ကုန်နေချင်းရောက်သွားနိုင်ပြီဖြစ်သည်ဟု ခရီးသည်တင်ကား‌မောင်းသူ တစ်ဦးကဆိုသည်။

“အခုကတော့ အရင်ကလို ကိုးနာရီဆယ်နာရီ မကြာတော့ဘူး။ အများဆုံးနှစ်နာရီပဲ ကြာတော့တဲ့အတွက် နေချင်းသွားနေချင်း ရောက်နေပြီ”ဟု ၎င်းကပြောသည်။

ယခင်က အစစ်ဆေးတင်းကျပ်နေသည့် ကာလအတွင်း ခရီးသည်တင်ကားအများစုမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ လောင်စာဆီ ပိုမိုကုန်ကျခြင်း၊ စရိတ်ပိုကုန်ခြင်း  အပါအဝင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် လုပ်ငန်းရပ်နားရန်အထိ စဉ်းစားဖူးသည်ဟု အခြားခရီးသည်တင်ကားမောင်းသူ အမျိုးသားတစ်ဦးကဆိုသည်။

“ကျွန်တော်တို့အရင်က အဲဂိတ်ရောက်ရင် ခရီးသည်မျက်နှာကြည့်နေရတယ်။ ဒီလိုအခြေအနေမျိုးသာ ဆက်ရှိနေရင်တော့ ကျွန်တော်တို့ လုပ်ငန်ရပ်ဖို့ပဲရှိတယ်”ဟု ၎င်းကပြောသည်။

ယခင်က ရန်ကုန်အသွားရောအပြန်ရော စစ်ဆေးနေသည့်အတွက်ကြောင့် ယင်းသို့ကြာခြင်းဖြစ်ကာ ယခုရန်ကုန် အပြန်ခရီးသည်တင်ကားနှင့် ကုန်တင်များကို စစ်ဆေးတင်းကျပ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့်အတွက် ယခင်အတိုင်း ထားဝယ် ရန်ကုန် ခရီးစဉ်ကို မနက်သွားညနေရောက် ပြန်ဖြစ်လာသည်ဟု ခရီးသွားပြည်သူများ၏ပြောကြားချက်အရသိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် X-RAY စက် (ဓာတ်မှန်ရိုက်ပြီးရှာဖွေသည့်စက်)တပ်ဆင်ထားပြီး စစ်ဆေးနေခြင်းဖြစ်ကာ ယခုဖြေလျှော့ပေးသည့်အနေထားမှာ ရန်ကုန်ကအပြန် ခရီးသည်တင်ကားနှင့်ကုန်တင်ကားအချို့မှာ စက်ထဲသို့ဝင်ရောက် စစ်ဆေးမခံရတော့သည့်အတွက် စောင့်ဆိုင်းရသည့်အချိန် သက်သာလာခြင်းဖြစ်သည်။

 ညောင်ခါးရှည်ခေါ် အဆိုပါစစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် စစ်တောင်းတံတားအနီးတွင်ရှိသည်။