ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ပြန်လွတ်

0
376

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားဖြစ်သူတို့မှာ ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်သို့ လာရောက် ပို့ဆောင်သွားကြောင်း နီးစပ်သူတို့က ပြောသည်။

“ပြန်လွတ်လာတာ မနေ့ မနက်က။ ကျိုက်ထို ဘူတာလမ်းနေအိမ်ကို သူတို့ လာပြန်ပို့သွားတယ်” ဟု နီစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံမှာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ အဂတိလိုက်စားသည်ဟု စွဲဆိုထားသည့်အမှု ၉ မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အမှု ၃ မှုတို့ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသည့်အမှုအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့က ကျိုက်မရော အကျဉ်းထောင် အထူးတရားရုံးက ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထား သည်။

လက်ရှိတွင် ဒေါက်တာအေးဇံသည် အဂတိလိုက်စားသည်ဟု စွဲဆိုထားသည့် အမှု ၉ မှုနှင့် ရွေးကောက်ပွဲဆိုင်ရာအမှု ၃ မှုတို့အတွက် တရားရင်ဆိုင်နေရသည်။