အာဏာသိမ်းမှုဆန့်ကျင်သူ ကိုထွန်းဦး ထောင် ၁၉နှစ်ချခံရ၊ တိုင်းအတွင်း ပြစ်ဒဏ်အကြီးဆုံးချခံရသူဖြစ်လာ

0
254

ထားဝယ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၉နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်နေ သေးကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်သည်။

ထားဝယ်အကျဉ်းထောင် အထူးတရားရုံး၌ ဒီဇင်ဘာ ၃၀ ရက်တွင် ကိုထွန်းဦးကို အမှု ငါးခုအတွက် ယင်းသို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်သေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခံရသူမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၂၂ ဦးရှိသည်။ ယင်းအနက် ထောင်ဒဏ်အမြင့်ဆုံး ၁၁ နှစ်ချမှတ်ခံရသူ ငါးဦးရှိသည်။

၎င်းတို့မှာ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးမြင့်မောင်၊ ထားဝယ်မြို့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အသက် ၁၉နှစ်အရွယ် ပဲအီး (ခေါ်) ကိုဝေယံဖြိုး၊ အသက် ၂၄ နှစ် အရွယ် ကိုဉာဏ်ဝင်း၊ ကိုဇင်မျိုးမင်းနှင့် ကိုချစ်နိုင်တို့ကို ဖြစ်သည်။

ထို့ကြောင့် ကိုထွန်းဦးမှာ တိုင်းအတွင်း ပြစ်ဒဏ်အကြီးဆုံး ချခံရသူ ဖြစ်လာသည်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ်ခန့်ရှိ ကိုထွန်းဦးကို စက်တင်ဘာ ၂၄ ရက်က ဝဲကျွန်းမြို့သစ် (၁၀) လမ်း နေအိမ်တွင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း ဖြစ်သည်။

ကိုထွန်းဦးကို ပုဒ်မ ၉ ခု အထိ တရားစွဲဆိုခံထားရပြီး လက်ရှိတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် နှစ်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

တရားရင်ဆိုင်ရန်ကျန်သည့် ပုဒ်မလေးခုမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ဂ) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ၊ ၅၄ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) / ၃၄ (တစ်ဦးထက်ပိုသော သူများက အကြံတူဖြင့် ကျူးလွန်ခြင်း) တို့ ကျန်ရှိနေသေးကြောင်း အထက်ပါကွန်ရက်ထံမှ သိရသည်။

ကိုထွန်းဦးမှာ ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မအများဆုံးတပ်ကာ တရားစွဲဆိုခံထားရသူဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။