ထားဝယ်ဆိပ်ကမ်းသာလမ်း၌ ရေကူးကန်ဆောက်မည်

0
312

ပုံစာ - ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်းဘေးရှိ ဒိုင်ဗင်ရေကူးကန်တည်ဆောက်မည့်နေရာ/Dawei Watch

လာမည့် ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းနံဘေးတွင် ပြိုင်ပွဲလုပ်နိုင်သည့် ဒိုင်ဗင်ရေကူးကန်နှင့် ရိုးရိုးရေကူးကန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံက သိရသည်။

အလျား မီတာ ၅၀၊ အနံ ၂၅ မီတာခန့်ရှိ လူဆယ်ယောက်ခန့်တစ်ပြိုင်တည်း ရေကူးပြိုင်နိုင်မည့် ကန်တည်ဆောက်မည်ဖြစ်ပြီး ၂၅ မီတာပတ်လည် ဒိုင်ဗင်အားကစားနည်း ရေကူးကန်ကိုလည်း ယင်းနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“ရေကူးအားကစားသမားတွေထွက်လာအောင်ပေါ့၊ တို့ဆီမှာ ရေကူးကန်ကလည်းမရှိဘူး၊ ဒိုင်ဗင်သမားတွေလည်း မရှိဘူး၊ ဒိုင်ဗင်ကန်လည်းမရှိဘူး၊ ရေကူးကန်လည်းမရှိဘူး၊ နိုင်ငံကိုယ်စားပြု ရေကူးအားကစားသမားတွေထွက်လာဖို့အတွက် ဒါကို အစပျိုးပြီးတော့ လုပ်တာပေါ့” ဟု ဦးစိုးမိုးနိုင်က ပြောသည်။

ရေကူးကန်တည်ဆောက်မည့်နေရာတွင် အလျား ၃၇၈ ပေ၊ အနံ ၁၅၀ ပေခန့်ရှိ မိုးလုံလေလုံအားကစားရုံလည်း တည်ဆောက်သွားမည်ဖြစ်ပြီး နံဘေးပတ်လည်တွင် ပွဲကြည့်စင်နှင့် ဝန်ထမ်းအိမ်ယာများလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

အဆိုပါ ရေကူးကန်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်တွင် လျာထားသည်ဟုဆိုသည်။

ပုံစာ – ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်းဘေးရှိ ဒိုင်ဗင်ရေကူးကန်တည်ဆောက်မည့်နေရာ/Dawei Watch