ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး လူတစ်ဆယ်ကျော် အဖမ်းခံရ

0
125

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း စထွက်ရန်ပြင်နေစဉ် ရဲနှင့်စစ်တပ်ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ တစ်ဆယ်ကျော် အဖမ်းခံခဲ့ရကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါသူအချို့ထံမှ သိရသည်။

မေလ ၁၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဘုမ္မော်ရပ်ကွက်အတွင်း သပိတ်စစ်ကြောင်းထွက်ရန်ပြင်ဆင်နေစဉ် အိမ်စီးကားနှစ်စီးဖြင့်ရောက်လာပြီး အရပ်ဝတ် ဝတ်ထားသူများက သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု သပိတ်စစ်ကြောင်းတွင် လိုက်ပါသူအချို့က ပြောသည်။

ယင်းသို့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူစုကွဲသွားပြီးနောက် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသမီးများ အပါအဝင် ဆန္ဒပြသူတစ်ဆယ်ကျော် အဖမ်းခံလိုက်ရသည်ဟု သပိတ်စစ်ကြောင်းတွင်လိုက်ပါသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

“လက်ရှိကတော့ ကျွန်တော်တို့ကြားတာ ၁၃ ယောက် ဖမ်းမိထားတယ်လို့ သိရတယ်၊ ဖမ်းမိတဲ့နေအိမ်ကို သွားကြည့်တာ ရေချိုးခန်းထဲမှာကို သွေးကွက်တွေကျန်ခဲ့တယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

ယင်းသို့ ဖမ်းဆီးရာတွင် နေအိမ်အတွင်းထဲအထိ သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အနီးဝန်းကျင်ရှိ မျက်မြင်တွေ့သူအချို့က ပြောသည်။

အဖမ်းခံရသူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြောင်း သိရသည်။