တိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စထိုး

0
180

တနင်္သာရီတိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား မတ်လ ၁၀ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခဲ့သည့် အိန္ဒိယနိုင်ငံထုတ် (COVISHIELD) ကိုဗီရှီး ဆေးအမျိုးအစားကိုသာ ထိုးပေးနေခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။

“ဘယ်သူဖြစ်ဖြစ် ဝန်ထမ်းဖြစ်ရင် အကုန်ထိုးပေးတယ်၊ CDM လုပ်တဲ့ ဝန်ထမ်းရော၊ CDM မလုပ်တဲ့ဝန်ထမ်းရော ထိုးဖို့ ဆန္ဒရှိရင် လာထိုးနိုင်တယ်” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ကိုဗီရှီးကာကွယ်ဆေးကို ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မြိတ်ပြည်သူ့ဆေးရုံကြီး၊ ကော့သောင်းပြည့်သူ့ဆေးရုံကြီးအပြင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအလိုက် ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေပြီး အချို့မြို့နယ်များတွင် စတင်ထိုးပေးနေပြီဖြစ်သည်ဟု ၎င်းက ပြောသည်။

အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအပြင် ဘုန်းတော်ကြီးများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

အစိုးရဝန်ထမ်းနှင့် ဘုန်းတော်ကြီးများကို ကာကွယ်ဆေးထိုးပြီးပါက အသက် ၆၅ နှစ်သက်ကြီးဘိုးဘွားများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ဆက်လာမည်ဖြစ်ကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးကို ကိုဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ အသက် ၁၈ နှစ်အောက်ကလေးများ၊ ကိုဗစ်လူနာများ၊ ကိုဗစ်သံသယလူနာများ မထိုးသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသမှု ခံယူထားသူများ၊ ခုခံအားကျရောဂါရှိသူများ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးတစ်ခုခု သုံးစွဲနေရသူများ ကာကွယ်ဆေးထိုးသင့်/မထိုးသင့်ကို သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ကြိုတင်တိုင်ပင်ရန် ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက လူ ၁၀ ဦးတွင် ၁ ဦးမှာ သာမန်ခံစားနိုင်သည့် လက္ခဏာများမှာ ဆေးထိုးသည့်နေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ရာသီတုပ်ကွေးရောဂါကဲ့သို့ (ဖျားခြင်း၊ အာသီးရောင်ခြင်း၊ နှာချေ/ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်းတို့ ပြတတ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် လူ ၁၀၀ တွင် ၁ ခန့်မှာ ကာကွယ်ဆေးထိုးပြီးပါက မူးဝေခြင်း၊ ယားယံခြင်း၊ ချွေးထွက်လွန်ခြင်း၊ အစာစားချင်စိတ်ချော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြန်ရည်ကျိတ်များကြိတ်ခြင်းတို့ ဖြစ်နိုင်ပြီး ကာကွယ်ဆေးနှင့် ဓာတ်တည့်မှု ရှိ/မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ/မရှိ သေချာစေရန် ဆေးထိုးပြီးပါက နေရာတွင် နာရီဝက်ခန့် စောင့်ဆိုင်းရန် အရေးကြီးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးပါက ဆေးမှတ်တမ်းကို မပျောက်မပျက်စေရန် စနစ်တကျသိမ်းဆည်းကာ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူချိန်တွင် မပျက်မကွက်ယူလာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။