နှစ်နှစ်အတွင်း ဆင်သုံးကောင် အသတ်ခံရ၊ ဆင်နှင့် လူ စားကျက်လုရာမှ အသတ်ခံခြင်းဖြစ်နိုင်ဟုဆို

0
207
သတ်ခံရသည့် တောဆင်ရိုင်းတစ်ကောင်

ကော့သောင်းခရိုင်တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း တောဆင်ရိုင်း သုံးကောင် အသတ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်ထိ သတ်ဖြတ်ခြင်းခံရကြောင့် သေဆုံးခဲ့သည့် ဆင်ကောင်ရေဖြစ်သည်။

အသတ်ခံရသည့် ဆင်များ၏ အစွယ်၊ ခွာနှင့် နှာမောင်းကို ဖြတ်တောက်ယူဆောင်သွားခြင်းမရှိသည့်အတွက် ဆင်လိုက်မုဆိုးများ၏ သတ်ဖြတ်ခြင်းမဖြစ်နိုင်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်းထွန်းက သုံးသပ်သည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် ဆင်အသတ်ခံရပါက အစွယ်၊ နှာမောင်းများကို ဖြတ်တောက်ယူဆောင် သွားလေ့ရှိသည်။

ထိုကြောင့် လက်ရှိတွေ့ရသည့် အခင်းအကျင်းအရ ဆင်နှင့် လူကြားတွင် စားကျက်လုနေရသည့် ပဋိပက္ခကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

သတ်ခံရသည့် တောဆင်ရိုင်းတစ်ကောင်

အဆိုပါဒေသတွင် ဥယျာဉ်ခြံမြေဖော်ထုတ်မှုများပြားခြင်း၊ ဆီအုန်းစိုက် ခင်းများလာခြင်း အစရှိသည့် မြေအသုံးချမှုများလာသည့်အတွက် ဆင် စားကျက်များပျောက်လာကြောင်း ဦးမြင့်သိန်းထွန်းက ပြောသည်။

“ဥယျာဉ်ခြံမြေတွေကို လာရောက်ပြီးတော့ ဒီဆင်တွေက အနှောင့်အယှက် ပေးတယ်ထင်ပြီးတော့ လုပ်ကြံသတ်ဖြတ်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်” ဟု ၎င်းက ဆိုသည်။

ယမန်နှစ် အောက်တိုဘာလက ယုဇနဆီအုန်းခြံအနီးတွင် ဟိုင်းဆင်ထီး တစ်ကောင် အသတ်ခံရပြီး ယခုနှစ် ဇန်နဝါရီလနှင့် ဒီဇင်ဘာလတို့တွင် တစ်ကောင်စီ သတ်ဖြတ်ခံခဲ့ရသည်။

ဒီဇင်ဘာလတွင် သတ်ဖြတ်ခံရသည့် စွယ်စုံဆင်ထီးတွင် တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟုယူဆရသည့် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါဧရိယာအတွင်း တောဆင်ရိုင်းအကောင်ရေ ၃၀ ဝန်းကျင်ခန့် နေထိုင်ကျက်စားနေကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ယခင်ကလည်း ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် ဆင်နှင့် ခရီးသွားကားများ ထိပ်တိုက်တွေ့ဆုံလေ့ရှိသည်။