မြိတ်လျှပ်စစ် တင်ဒါပြိုင်ကုမ္ပဏီများ တစ်ယူနစ်ဈေးနှုန်း ၂၉၂ ကျပ်မှ ၃၉၈ ကျပ်အထိ အဆိုပြု

0
695

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက်  တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီများက လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းကို ၂၉၂ ကျပ်မှ ၃၉၈ ကျပ်အထိ အသီးသီးအဆိုပြုခဲ့ကြသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း တင်ဒါဖွင့်ပွဲကို စက်တင်ဘာလ ၂၄ ရက်က ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး ကုမ္ပဏီခြောက်ခု တင်ဒါဝင်ပြိုင်ခဲ့ကြသည်။

Petro & Trans ကုမ္ပဏီက HFO လောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မည် ဖြစ်ပြီး တစ်ယူနစ်လျှင်၂၉၂ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုခဲ့သည်။

Green Power Myanmar ကုမ္ပဏီက Gas ဖြင့် ထုတ်မည်ဖြစ်ပြီး တစ်ယူနစ်လျှင် ၂၉၅ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုသည်။

Myeik Power Generation ကုမ္ပဏီက HFO ဖြင့် လျှပ်စစ်ထုတ်လုပ်ပြီး တစ်ယူနစ်လျှင် ၃၁၅ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုသည်။

Southern Power Gird ကုမ္ပဏီက ဒီဇယ်ဖြင့် ထုတ်လုပ်ပြီး တစ်ယူနစ်လျှင် ၃၅၅ ကျပ်ဖြင့် ဖြန့်ဖြူးပေးမည်ဟု အဆိုပြုခဲ့သည်။

မြိတ်စွမ်းလန်းစွမ်းအင်ကုမ္ပဏီက HFO ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး တစ်ယူနစ်လျှင် ၃၅၉ ကျပ်ဖြင့် ရောင်းချပေးမည်ဟု အဆိုပြုသည်။

ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်လောင်စာဖြင့် လျှပ်စစ်ထုတ်ပြီး တစ်ယူနစ်လျှင် ၃၉၈ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုသည်။

တင်ဒါဝင်ပြိုင်ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ အောက်တိုဘာလ ပထမအပတ်တွင် တင်ဒါကော်မတီအစည်းအဝေး ပြုလုပ်ကာ အမှတ်ပေးမည်ဖြစ်ပြီး အနီးစပ်ဆုံးကျင်းပမည့် တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကုမ္ပဏီများကို အမှတ်ပေးရွေးချယ်ရာတွင် တစ်ယူနစ်ဈေးနှုန်းတစ်ခုတည်းကိုသာ ကြည့်၍အမှတ်ပေးဆုံးဖြတ်မည် မဟုတ်ဘဲ ကုမ္ပဏီ Profile ၊ နည်းပညာပိုင်း (Technical)အဆိုပြုမှုတို့ကိုပါ သုံးသပ်အမှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကတော့ ဘယ်သူ့မှ မျက်နှာလိုက်မှာ မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ပြုလုပ်သွားမှာ”ဟု ၀န်ကြီးဦးအောင်သူရက ဆိုသည်။

တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီအားလုံးက ကျေးရွာခွဲရုံအားလုံးတွင် ဒီဇယ်မီးစက်များထားရှိမည်ဟု အဆိုပြု တင်ပြခဲ့ကြသည်။

တင်ဒါအောင်ကုမ္ပဏီအနေဖြင့် ဒီဇယ်ဆီဖြင့် လျှပ်စစ်ထုတ်လုပ်မည် ဆိုပါက စာချုပ်ချုပ်ဆို ပြီးနောက် သုံးလအတွင်း၊ အခြားအရင်းအမြစ်ဖြင့် ထုတ်လုပ်မည်ဆိုပါက ခြောက်လအတွင်း လုပ်ငန်းစလုပ်နိုင်ရမည်ဖြစ်သည်။

မြိတ်ခရိုင်လျှပ်စစ်သုံးစွဲမှုပမာဏမှာ ၁၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိတွင် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီက ယာယီလုပ်ကိုင်နေပြီး တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံနေကြောင်း တိုင်းလျှပ်စစ်ဝန်ကြီးထံမှ သိရသည်။

Dawei Watch