ပင်လယ်ကမ်းခြေရွာများရှိ အမျိုးသမီးတစ်ရာကျော်ကို စက်ချုပ်သင်တန်းပေး

0
473

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်စီမံကိန်း၏ အစီအစဉ်အဖြစ် လောင်းလုံးမြို့နယ် နှင့် ကျွန်းစုမြို့နယ်တို့ရှိ ပင်လယ်ကမ်းခြေရွာများမှ အမျိုးသမီး ၁၄၀ ကျော်ကို စက်တင်ဘာ ၂၀ ရက်မှစပြီး စက်ချုပ်သင်တန်း အခမဲ့ပေးနေသည်။

လောင်းလုံးမြို့နယ်တွင် ကျောက်ဆင်ကျေးရွာအုပ်စုရွာမှ ၅၀ ဦး၊ စမ်းလှမ်း ရွာမှ ၃၄ ဦး၊ ကြက်လွှတ်ရွာနှင့် ကျောက်မတ္တပ်ရွာတို့တွင် ၁၆ ဦး၊ ကျွန်းစု မြို့နယ်တွင် စခန်းသစ်ရွာမှ ၂၀ ဦး၊ ပန်းဇင်ရွာမှ ၂၄ ဦးတို့ကို စက်ချုပ် သင်တန်းပို့ချနေကြောင်း ယင်းအစီအစဉ်၏ ကျေးရွာစည်းရုံးရေးတာဝန်ခံ ဒေါ်ငြိမ်းသန္တာအောင်က ပြောသည်။

ပင်လယ်ရွာများရှိ အချို့အမျိုးသမီးငယ်များအနေဖြင့် ငါးလုပ်ငန်းကို အမှီပြု အသက်မွေးဝမ်းကျောင်းပြုနေကြရာ ငါးဖမ်းရာသီ ၃ လ ရပ်နားရစဉ်အတွင်း အလုပ်လက်မဲ့ ဖြစ်သွားကြပြီး ၀င်ငွေမရှိကြတော့သည်ကို ဖာထေးနိုင်ရန် ယခုကဲ့သို့ စက်ချုပ်သင်တန်းကို စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်ငြိမ်းသန္တာအောင်က ပြောသည်။

“စက်ချုပ်တာက ငါး(ဖမ်းရာသီ)ပိတ်ရင်လည်း ချုပ်လို့ရတယ်၊ ငါး (ဖမ်းရာသီ) ဖွင့်တဲ့အချိန်မှာလည်း ချုပ်လို့ ရတယ်ပေါ့နော်။ သူတို့အသက်မွေးဝမ်း ကျောင်းအတွက် အထောက်အကူဖြစ် တယ်ဆိုပြီတော့ အဲလိုရည်ရွယ်ချက်နဲ့ (စက်ချုပ်သင်တန်း) ဖွင့်လိုက်တာပါ”ဟု ဒေါ်ငြိမ်းသန္တာအောင်က ပြောသည်။

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်စီမံကိန်းသည် တနင်္သာရီ တိုင်းကမ်းရိုးတန်းဒေသများတွင် ငါးလုပ်ငန်းရေရှည်တည်တံ့ရေး စီမံချက်များကို ငါးလုပ်ငန်း ဦးစီးဌာန၊ ဒေသခံရေလုပ်သားကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယခုသင်တန်းမှာ ၎င်းစီမံကိန်း၏ ပထမဆုံးသော အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း မှု(စက်ချုပ်)သင်တန်း ဖြစ်ပြီး နောက်တွင်လည်း စက်ချုပ်သင်တန်းများ ထပ်ဖွင့်သွားရန်ရှိေ ကြာင်း ဒေါ်ငြိမ်းသန္တာအောင်က ပြောသည်။

“ကိုယ့်ရွာမှာ အရေးကြီးတဲ့ လိုအပ်ချက် ဘာရှိလဲ တင်ပြခိုင်းတယ်။ ရွာတွေက တောင်းဆိုတာတော့ အများကြီးပဲပေါ့။ အဲဒီထဲကမှ စက်ချုပ်သင်တန်းကို တူတူညီညီ တောင်းဆိုကြလို့ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖြစ်သွားတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိ စက်ချုပ်သင်တန်းတွင် တက်ရောက်သင်ယူနေသည့် သင်တန်းသူအများစုမှ အသက် ၂၀ ၀န်းကျင် အမျိုးသမီးငယ်များ ဖြစ်ပြီး သင်တန်း ကာလမှာ ၂ လနှင့် ၁၅ ရက် ကြာမြင့်မည်ဟု သိရသည်။

Dawei Watch