မြေသိမ်းခံရမှု တိုင်ကြားချက်များအနက် တစ်ဝက်ကျော်ဖြေရှင်းပြီးဟု ထုတ်ပြန်

0
479

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ပြည်သူများ တိုက်ရိုက်တိုင်ကြားလာမှုများအနက် တစ်ဝက်ကျော်ဖြေရှင်းပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော်မတီသို့ တိုက်ရိုက်တိုင်ကြားမှု ၄၃ မှုရှိခဲ့ရာ ၂၃ မှု ဖြေရှင်းဆောင်ရွက်ပြီးကြောင်း တိုင်းအစိုးရအဖွဲ့က ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ကော်မတီကို ယခုအစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ရာ ယခု ၂၀၁၉ ခုနှစ်အထိ ၃ နှစ်အတွင်း ၂၃ မှု ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်တိုင်ကြားမှု ၂၀ အနက် ၁၄ မှုအား အမှုတွဲဖွင့် ဆောင်ရွက်နေဆဲဖြစ်ပြီး ၆ မှုကို ၀န်ကြီးဌာနများထံ သဘောထား တောင်းခံထားကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အထက်ပါတိုင်ကြားမှုများတွင် ကနဦးတိုင်ကြားမှုကြောင့် အစိုးရမှ ဖြေရှင်းဆောင်ရွက်ပေးပြီးသားကိစ္စများ(အကြောင်းအရာတူ အဖြစ်အပျက်တူများ)ကို တိုင်ကြားသူ လိုချင်သည့်အဖြေမရ သဖြင့် အမည်လွှဲကာ ထပ်မံတိုင်ကြားမှုများလည်း တွေ့ရကြောင်း ကော်မတီဝင်တစ်ဦး ဖြစ်သည့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“မိဘကတိုင်လို့ ခေါ်ယူရှင်းပြပြီးတာတောင် သားသမီးနာမည်နဲ့ ထပ်တိုင်တာ ရှိတယ်”ဟု ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများကို ဗဟိုမှ ရပ်ကျေးအထိ အဆင့်ဆင့် ဖွဲ့စည်းထားပြီး ဗဟိုသို့ တိုက်ရိုက်တိုင်ကြားမှုများကို တိုင်းကော်မတီသို့ ပြန်လည် လွှဲပြောင်းဆောင်ရွက်စေသည့်အမှုများလည်း ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

တိုင်းကော်မတီသို့ တိုက်ရိုက်လိပ်မူသည့် တိုင်ကြားစာ တစ်ဝက်ကျော် ဖြေရှင်းပေးပြီးဟု ထုတ်ပြန်ထားရာတွင် ထားဝယ်ခရိုင်တွင် ဖြေရှင်းဆောင်ရွက်မှု အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း မြိတ်ခရိုင်တွင်မူ ဘာမျှ မရှိသေးဟု အမိမြေကွန်ရက် (တနင်္သာရီတိုင်းဒေသကြီး)မှ ကိုမင်းခန့်က ပြောသည်။

ကော်မတီမှ ဖြေရှင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ရပ်ကျေးအဆင့်ကော်မတီများက တိတိကျကျ ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်းမရှိဘဲ ထင်မြင်ယူဆချက်များ၊ သဘောထား သုံးသပ်ချက်များကို အပေါ်သို့ အစီရင်ခံ တင်ပြထားကြသည့်အပေါ်ဆုံးဖြတ် ဆောင်ရွက်သကဲ့သို့ ဖြစ်နေကြောင်း ကိုမင်းခန့်က ပြောသည်။

“မြေပြင်အခြေအနေအမှန်ကို တိတိကျကျ စစ်ဆေးဖို့တော့ လိုတယ်။ ဌာနဆိုင်ရာတွေက ကျွန်တော်တို့အဲလို စစ်ဆေးထားတယ်၊ ဒီလိုမျိုးရှိပါတယ်ဆိုပြီး လာရောက်ပြီး ကိုယ်လုံးပြ၊ ဟန်ရေးပြပြန်သွားတဲ့ စစ်ဆေးမှုမျိုး မဖြစ်စေချင်ဘူး”ဟု ၎င်းက ပြောသည်။

Dawei Watch