မုန်တိုင်းကြောင့် ခရီးသည်လှေနှင့်ကုန်တင်လှေများ ပြေးဆွဲခွင့်ပိတ်

0
801
ဒုံးညောင်မှိုင်းကျေးရွာတွင် တွေ့ရသည့် စပိဘုတ်များ။ ဓာတ်ပုံ - ရဲထွဋ်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ(FANI) ကြောင့် တနင်္သာရီတိုင်းတွင် ခရီးသည်လှေနှင့် ကုန်တင်စက်လှေများ ပင်လယ်ပြင်သို့ ထွက်ခွာပြေးဆွဲခွင့်ပိတ်ထား ကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြိတ်-ကျွန်းစု ခရီးစဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှလွဲပြီး တနင်္သာရီတိုင်း တစ်ခုလုံးတွင် သစ်သားခွံဖြင့်ပြုလုပ်ထားသော ကုန်တင်စက်လှေများ၊ ခရီးသည်တင် အမြန်ရေယာဉ်များ၊ အပျော်စီးရေယာဉ် များအားလုံးကို ပိတ်ထားကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးဇာနည်ကျော်ကျော်က ပြောသည်။

ပင်လယ်ပြင်ထွက်ခွာပြေးဆွဲခွင့်ကို ဧပြီလ ၃၀ ရက်တွင် စတင်တားမြစ်လိုက် ထားခြင်းဖြစ်ပြီး မုန်တိုင်းကာလပြီးဆုံးပြီး အန္တရာယ်ကင်းသည့်အချိန်ရောက်မှ ပင်လယ်ပြင်အတွင်း ပြန်လည်ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း ဦးဇာနည်ကျော်ကျော်က ပြောသည်။

“ဘယ်နှရက်ပိတ်တယ်ဆိုတာ ပြောလို့မရဘူးဗျ။ ဘာလို့လဲဆိုတော့ မိုးဇလက ထုတ်ပြန်တဲ့အပေါ်မှာကြည့်ပြီးတော့ ပိတ်တာပါ။ မုန်တိုင်းအရှိန်လျော့ သွားရင်တော့ ပြန်ပြေးဆွဲလို့ရပါပြီ။ အခု ပိတ်တာကလည်း ခရီးသည်တွေ အန္တရာယ်ကင်းဖို့ အတွက်ပါ”ဟု ၎င်းက ဆိုသည်။

ပြေးဆွဲခွင့်ပြုထားသည့် မြိတ်-ကျွန်းစု ခရီးစဉ်သွားမည့် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရေယာဉ်ပြင်ပ ခေါင်မိုးပေါ်တွင်မစီးရန်၊ ရေယာဉ်အား ဂရုစိုက်မောင်းနှင်ရန် သတိပေးထုတ်ပြန် ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ မေလ ၂ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန် ချက်အရ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်အတွင်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျနိုင်ပြီး တစ်နာရီမိုင် ၄၀မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၃ ပေခန့် အထိရှိနိုင်ကြောင်းခန့်မှန်းထားပြီး လက်ရှိတွင် ယင်းမုန်တိုင်း မြန်မာနိုင်ငံကို ၀င်ရောက်နိုင်ခြေ မရှိသေးသဖြင့် အ၀ါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ၂ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။                 

  ကျော်သူစိုး