မြိတ်တွင် ကျွန်းခရီးစဉ် အမြန်ရေယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၂ ဦးသေဆုံး

0
433

မြိတ်တွင် ထူးထက်ရှိန် ကုမ္ပဏီက ကျွန်းခရီးစဉ်ပို့ဆောင်သည့် အမြန်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန(မြိတ်ရုံးခွဲ)မှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်က မြိတ်မြို့မှ ကျွန်းခရီးစဉ်များသို့ သွားရောက်ရာအပြန် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင်ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု လအဲကျွန်းနေကြာအော် ရှေ့၌ ရေစီးနှင့်အတူ မျှောပါလာသည့် ရေမြုပ် သစ်တုံးအား တိုက်မိခဲ့ပြီး လှိမ့်မှောက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်ထံမှ သိရသည်။

လှေမှောက်၍ သေဆုံးခဲ့သူ ၂ ဦးမှာ မန္တလေးမြို့မှ ဒေါ်ကြင်စု(ခ)ဒေါ်ခင်ချို (အသက် ၆၆ နှစ်)နှင့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ ဒေါ်ခင်သောင်းတင်(၆၈ နှစ်)တို့ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရသည်။

တိမ်းမှောက်ခဲ့သည့် အမြန်ရေယာဉ်တွင် ခရီးသည် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ လှေဦးစီးနှင့် လှေသား ၂ ဦး စုစုပေါင်း လူဦးရေ ၂၀ လိုက်ပါခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။

               

ခရီးစဉ်အတွင်း ခရီးသည်အားလုံးမှာ အသက်ကယ် အင်္ကျီများ ဝတ်ဆင်ထားကြပြီး သေဆုံးသူ ၂ ဦးမှာ လှေဝမ်း အောက်၌ ပိတ်မိနေပြီး ရှာဖွေ ကယ်ဆယ်ရန် ခက်ခဲသွားသည်အတွက် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရှိရကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ဆိုသည်။

“ထိခိုက်နစ်နာမှုတွေအတွက် ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပေး သွားမယ်”ဟု ၎င်းက ပြောသည်။

လှေတိမ်းမှောက်စဉ် နေကြာအော်ကျေးရွာမှ ရာအိမ်မှူးနှင့် ရွာမှလှေငယ်များ လာရောက် ကယ်ဆယ်ခဲ့ကြောင်း ခရီးသွား ကုမ္ပဏီများထံမှ သိရသည်။

လှေမှောက် သေဆုံးမှုနှင့်ပတ်သက်ပြီး ကျွန်းစုမြို့နယ်ရဲစခန်းမှ ယင်း လှေဦးစီး(ပဲ့နင်း)နှင့် ခရီးသွားကုမ္ပဏီအား သေမှုသေခင်းဖွင့်၍  အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၃၂ ခုနှင့် အသုံးပြုနေသည့် အမြန်ရေယာဉ် ၃၀ ခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန မြိတ်ရုံးခွဲမှ သိရသည်။