ရာသီဥတုဆိုးရွားခြင်းကြောင့် ကမ်းနီးငါးဖမ်းလှေငယ်များ တွက်ခြေမကိုက်

0
501

ရာသီဥတုဆိုးရွားသဖြင့် မြိတ်နှင့် ကျွန်းစုမြို့နယ်များမှ ကမ်းနီးငါးဖမ်း လှေငယ်အများစုမှာ ငါးဖမ်းဆီးရမိမှု နည်းပါးလာပြီး တွက်ခြေမကိုက်ဘဲ အရှုံးပေါ်လျက်ရှိကြောင်း ယင်းငါးဖမ်း လှေငယ်များထံမှ သိရသည်။
ရာသီဥတု ဆိုးရွားခြင်းကြောင့် ကမ်းနီးငါးဖမ်းလှေငယ်များ ပင်လယ် ပြင်သို့ မထွက်ရဲကြဘဲ မြိတ်မြို့နှင့် ကျွန်း အချို့အနီးတစ်ဝိုက် ရေပြင်၌သာဖမ်းဆီး နေကြရသဖြင့် ငါးအရနည်းလာပြီးတွက် ခြေမကိုက် ဖြစ်နေသည်ဟု ကမ်းနီး ငါးဖမ်းလှေတစ်စီး၏ ဦးစီးဖြစ်သူ ဦးစွမ်းထက်နိုင်က ပြောသည်။

ယင်းလှေများသည် ညနေဘက် ငါးဖမ်းကြပြီး နံနက်ဈေးချိန်အမီမြိတ်သို့ ငါးလာရောင်းကြသဖြင့် ဒေသခံဈေးမီ ငါးလှေများဟုခေါ်ကြပြီး ၎င်းတို့ လာ ရောင်းသည့်ငါးများကို ဈေးမီငါးဟု ခေါ် ကြသည်။
“ငါးဖမ်းချိန်မရဘူး လှိုင်းကကြီး တော့ ကျွန်းတွေမှာပဲ ခိုနေရတာများ တယ်၊ တချို့ဆိုရှုံးလို့ နားကုန်ကြပြီ”ဟု ဦးစွမ်းထက်နိုင်က ဆိုသည်။
ကမ်းနီးငါးလှေများ လာရောက် ရောင်းချကြသူ နည်းပါးလာပြီး ဈေးမီ ငါး အရနည်းလာသည်ဟု မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ ငါးအဝယ်ဒိုင်မှ ဒေါ်နုက ပြောသည်။

“လှိုင်းလေကြီးတော့ လှေငယ်တွေ မထွက်နိုင်ကြဘူး၊ ငါးတွေလည်း အရ နည်းလာတာ တစ်လကျော်ပြီ”ဟု၎င်းက ပြောသည်။
သာကေတရပ်ကွက်ရှိ ငါးအဝယ် ဒိုင်၌ လာရောက်ရောင်းချနေသည့် ဖောက် သယ်လှေငယ် အစီး ၃၀ ကျော်ရှိပြီး ကျွန်းစုမြို့နယ် ပင်လယ်ရွာများမှ အများ စုဖြစ်ကြောင်း ဒေါ်နုက ပြောပြသည်။

ဈေးမီငါးများဖြစ်သည့် ကုလား ဂုတ်၊ ဇယော၊ ဗီးဇင်း၊ငါးမုန့်မဲ၊ ဟင်းချိုမ စသည့်ငါးများမှာ ယခင် ၂ လကျော်ခန့် က တစ်ပိဿာ ကျပ်ခြောက်ထောင်ဈေး ရှိပြီး ယခုလအတွင်း ငါးရာကျပ် ပိုတက် သွားကြောင်း ယင်းငါးအဝယ်ဒိုင်မှ သိရ သည်။
မြိတ်မြို့ပေါ်ရှိဈေးများတွင် တတ် နိုင်သူများက ဈေးကြီးသည့်ငါးများကို ဝယ်စားကြသော်လည်း အခြေခံလူတန်း စားများ အနေဖြင့်မူ ပလာတူးနှင့်တစ်ခြား ဈေးပေါသည့် ငါးများကိုသာ ဝယ်ယူလေ့ ရှိကြသည်။
“ပလာတူးငါးတောင် အရင်လက တစ်ထောင်ဖိုး ခြောက်ကောင် အခုက လေးကောင်ပဲ ရတော့တယ်”ဟု မြိတ်မြို့ မှ အသက် ၄၀ နှစ်အရွယ် အိမ်ရှင်မ တစ်ဦးကပြောသည်။

ငါးမဖမ်းရရာသီတွင် ငါးဖမ်း ရှစ်ဆယ်ရာနှုန်းကို ပိတ်ပင်ထားသော် လည်း ကမ်းနီးငါးဖမ်းလှေငယ်များကိုမူ ပိတ်ပင်ထားခြင်းမရှိကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြိတ်မြို့နယ်အတွင်း စက်မဲ့နှင့် စက်တပ် ငါးဖမ်းလှေငယ်များ အစီးရေ ခုနှစ်ရာခန့်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သိရသည်။