တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
684

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ

နေပြည်တော်ကို ခြိမ်းခြောက်လာတဲ့ ဒရုန်းတိုက်ခိုက်မှု

နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ ၄ရက်နေ့မှာ ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်က ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ရုံးထိုင်တဲ့ စစ်ရုံးလို့ခေါ်ကြတဲ့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးနဲ့ အေလာလေတပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့တွေက ဒရုန်းအစင်း ၃၀နီးပါးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာပါ။

ကာမီကာဇေလို့ခေါ်တဲ့ ဒရုန်းကို အဆုံးခံပြီး ဖောက်ခွဲတိုက်ခိုက်တဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးနဲ့ တိုက်ခိုက်လို့ မရနိုင်တဲ့နေရာလို့ဆိုတဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ဆိုပါတယ်။

အမေရိကန်ဒေါ်လာသန်းပေါင်းများစွာသုံးပြီး လေကြောင်းရန်ကာကွယ်ရေးအပါအဝင် အဆင်မြင့်ကာကွယ်ရေးစနစ်တွေ အသုံးပြုထားတဲ့နေရာကို အခုလိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဟာ တော်လှန်ရေးရဲ့ကြီးမားတဲ့အရွေ့တစ်ခုဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်နည်းပညာ တိုက်ပွဲတွေ ထပ်လာဦးမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်တော့ ဒီတိုက်ခိုက်မှုမှာ ဒရုန်း ၁၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး အဆောက်အအုံနဲ့ လူထိခိုက်မှုမရှိဘူးလို့ တုံ့ပြန် ပါတယ်။ ဒီလိုမျိုး ဒရုန်းတွေ ဝင်ရောက်လာတာဟာ နေပြည်တော်တစ်ခုတည်းမှာ မဟုတ်ဘဲ တခြားနိုင်ငံကြီးတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတာကြောင့် ဒရုန်းကို ပစ်ချဟန့်တားနိုင်တဲ့ စွမ်းရည်ကပဲ အရေးကြီးတယ်လို့ ဆိုပါတယ်။

……………………………………..

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်သစ်ခန့်လိုက်ပြီ

ပုံစာ – ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးMs. Julie Bishop နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၃ခုနှစ် နိုဝင်ဘာလက တွေ့ဆုံစဉ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းMs. Julie Bishop ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဧပြီလ ၅ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။

စင်ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာ အထူးကိုယ်စားလှယ်အဖြစ်ကနေ အနားယူပြီး တစ်နှစ်နီးပါးအကြာမှာ အခုလို အထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်လိုက်တာပါ။

Ms. Julie Bishop ဟာ ဩစတြေးလျလွှတ်တော်မှာ နှစ် ၂၀ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ဩစတြေးလျ အမျိုးသားတက္ကသိုလ် အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူပါဖြစ်ပါတယ်။ နိုင်ငံရေးသက်တမ်းတစ်လျှောက်မှာ နိုင်ငံတကာ အသိုင်းအဝန်းကြား ထိတွေ့ဆံဆက်စေ့စပ်ညှိနှိုင်းတာတွေမှာ စွမ်းဆောင်နိုင်ခဲ့သူဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

……………………………………..

စစ်ကောင်စီကို လေယာဉ်ဆီပိတ်ပင်ဖို့ ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချတာတွေ မလုပ်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။

ရောင်းချလိုက်တဲ့ လေယာဉ်ဆီကို အသုံးပြုပြီး ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ယုံကြည်ရင် နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့တာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုချက်ကို ဧပြီလ ၄ ရက်နေ့မှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို လက်နက်ခဲယမ်း အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တရားမဝင် လွှဲပြောင်းရောင်းချနေတာ တွေကိုလည်း ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

ဒီလို ပိတ်ပင်မှုတွေရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံကနေတစ်ဆင့် သင်္ဘော ၇ စီးနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ခဲ့တယ်လို့ Amnesty International အဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်ရေးရှုံးနိမ့်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်နေတာကြောင့် ပြည်သူတွေ သေကြေပျက်စီးမှု ပိုများလာတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

……………………………………..

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို KIA ထိန်းချုပ်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ချိပ်ပိတ်ထားပါတယ်။

ဗန်းမော်-လွယ်ဂျယ်လမ်းမကို ထိန်းချုပ်ထားရာမှာ အရေးပါတဲ့အပြင် အဲဒီလမ်းတစ်လျှောက်မှာ နောက်ဆုံးကျန်ရှိနေတဲ့ စိန်လုံဗျူဟာစခန်းကြီးကို ဧပြီလ ၁ရက် နံနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီစခန်းကြီးဟာ နှစ် ၆၀ကျော် စစ်ကောင်စီအထိုင်ချထားတဲ့နေရာဖြစ်သလို KIA ဌာနချုပ် လိုင်ဇာရဲ့ ဒုတိယမြို့တော်လို့ တင်စား ကြတဲ့ မိုင်ဂျာယန်ကို လက်နက်ကြီး ပစ်ခတ်လေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

စိန်လုံဗျူဟာကို သိမ်းယူပြီးနောက်မှာ လွယ်ဂျယ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့တာပါ။ လွယ်ဂျယ်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းခဲ့တယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ြပပါတယ်။ အဲဒီနောက် KIA တပ်ဖွဲ့ဝင်တွေက မြို့တွင်းသို့ ဝင်ရောက်နေရာယူထားပြီး စစ်ကောင်စီဌာနဆိုင်ရာရုံးတွေကို ဧပြီလ ၄ရက်နေ့မှာ ချိပ်ပိတ်လိုက်တာပါ။

ဧပြီလ ၅ ရက်အထိ လွယ်ဂျယ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းထဲမှာ ရှိနေဆဲလို့လည်း ဆိုပါတယ်။ ကချင်မှာ မတ်လ ၇ ရက်နေ့ကနေ ထိုးစစ်တွေစတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို KIA က သိမ်းယူထားပြီ ဖြစ်ပါတယ်။

……………………………………..

အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းတချို့ကို တရုတ်သံအမတ်သွားတွေ့

အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဧပြီလ ၅ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးက မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နေပြည်တော် ခြောက်လုံးတန်းမှာ သွားတွေ့တာလို့ တရုတ် သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အငြိမ်းစားဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု တို့ကိုပါ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပေးနိုင်ဖို့၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး တိုးတက်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရုတ်က မြန်မာအရေးကို ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ပါ ချဉ်းကပ်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဧပြီလ ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော်ကို လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်းကာလမှာ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်နဲ့ တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတွေ ပြင်းထန်နေပါတယ်။

……………………………………..

နယ်စပ်ဖြတ်သန်းခွင့် စစ်ကောင်စီတင်းကျပ်လာ

ပုံစာ – မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတားမှာ တန်းစီနေသူတွေကို ဧပြီလဆန်းကတွေ့ရတာပါ။

လူတွေရဲ့ ဇီဝအချက်အလက်ကို ကောက်ယူထားတဲ့ စမတ်ကတ်လို့ခေါ်တဲ့ UID ကတ် ပါရှိမှဘဲ နယ်စပ်ဖြတ်ခွင့် လက်မှတ်ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီက တင်းကျပ်လာပါတယ်။

မေလ ၁ရက်နေ့ကစပြီး စမတ်ကတ်ရှိမှပဲ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေကို သွားရောက်နိုင်ဖို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP နဲ့ TBP ထုတ်ပေးတော့မယ်လို့ ဆိုပါတယ်။ TBP ဆိုတာ ၇ ရက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး BP ကတော့ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်ပြုလက်မှတ်ပါ။

နယ်စပ်ဝင်ထွက် လူဦးရေစာရင်းမှန်ကန်ရေး၊ မှတ်ပုံတင်အတုနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို ထိန်းချုပ်နိုင်ဖို့လုပ်တာလို့ စစ်ကောင်စီက အကြောင်းပြချက်ပေးပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မျက်လုံး၊ လက်ဗွေ အစရှိတဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို ရဖို့ နည်းမျိုးစုံသုံးပြီး စမတ်ကတ်လုပ်အောင် ဖိအားပေးနေတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..

ကရင်နီမှာ သုံးနှစ်ကျော်အတွင်း တော်လှန်ရေးရဲဘော် ငါးရာကျော်သေဆုံး

ပုံစာ – ၂၀၂၃ခုနှစ် ဧပြီလ ၁ရက်က ပြုလုပ်ခဲ့တဲ့ KNDF ရဲဘော်တစ်ဦးရဲ့ ဈာပန။

ကရင်နီ (ကယား) ပြည်မှာ သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးရာကျော် သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းချိန်ကနေ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလိုဖော်ပြတာပါ။

တိုက်ပွဲကာလတစ်လျှောက်မှာ စစ်ကောင်စီဘက်ကတော့ ၃၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ PKPF က ဆိုပါတယ်။ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု အကြိမ် ၇၀နီးပါးရှိပြီး တိုက်လေယာဉ် နှစ်စင်းပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ ၄၈၀ ကျော် သတ်ဖြတ်ခံရပြီး စစ်ဘေးရှောင်နေချိန်မှာ သေဆုံးသူလည်း ၁၅၀ ကျော် ရှိတဲ့အပြင် ဖမ်းဆီးခံရသူလည်း ၁၅၀ ကျော်ရှိတယ်လို့ ဆက်လက်ဖော်ပြပါတယ်။

တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကာလအတွင်းမှာ မြို့ခုနစ်မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းယူပြီး ပြည်နယ်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားပါတယ်။

……………………………………..