သုံးလနီးပါးကြာတိုက်ခိုက်နေသည့် ရမ်းဗြဲမြို့ကို AA သိမ်းယူ

0
953
ပုံစာ - ဖေဖော်ဝါရီလ ၂၄ ရက်က ရမ်းဗြဲမြို့သို့ စစ်ကူလာသည့် စစ်ကြောင်းထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိသည့် ရမ်းဗြဲမြို့ကို သုံးလနီးပါးကြာ တိုက်ခိုက်ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြို့ကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရမ်းဗြဲမြို့ကို ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မြို့တွင်းတိုက်ပွဲမှာ ၈၅ ရက် ကြာမြင့်ခဲ့ကြောင်း AA က ဆိုသည်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

AA က ရခိုင်တွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့နယ်များနှင့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်တို့ကို သိမ်းယူထားသည်။

ထို့ကြောင့် ရမ်းဗြဲမှာ ရှစ်မြို့မြောက်အဖြစ် AA သိမ်းယူသည့် မြို့ဖြစ်လာပြီး ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ပထမဆုံး သိမ်းယူသည့်မြို့ဖြစ်လာသည်။

မတ်လ ၁၀ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေ နယ်ခြားစောင့်စခန်းမှ စွန့်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားပြီး AA က ဖြတ်တောက်ဝိုင်းရံပိတ်ဆို့ထားသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းစစ်ကြောင်းကို လိုက်လံတိုက်ခိုက်နေသဖြင့် နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြပြီး ဦးရေ ရာချီရှိနိုင်ကြောင်းလည်း ဖော်ပြသည်။