မေတ္တာမြို့အနီးကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၊ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိ

0
1005

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့အနီး တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။

မတ်လ ၁၀ ရက်က မေတ္တာမြို့အနီးတွင် တစ်နေ့လုံးနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ တပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNU တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ (၄) တပ်ရင်း (၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဘက်က လေးဦး သေဆုံး ကြောင်း ၎င်းက ဆိုသည်။

“အခုက မြေပြင်စစ်ကြောင်းက လုံးဝ အခြေအနေမဟန်လို့ လေယာဉ်ပစ်ကူလာတာပေါ့။ လေကြောင်းတိုက်ခိုက်မှုက မနေ့က တစ်ကြိမ်၊ ဒီနေ့က ဆိုးဆိုးရွားရွားလာတာက နှစ်ကြိမ်ပေါ့နော်။ ပစ်ခဲ့တာက ရှစ်ကြိမ်၊ တစ်ခေါက်လာရင် လေးကြိမ် ပစ်တာကိုး” ဟု စောမှူးဂေ ပြောသည်။

ယနေ့ မတ်လ ၁၁ ရက်တွင်လည်း နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ မေတ္တာမြို့အနီးတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် မေတ္တာမြို့အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိပြီး KNLA နှင့် PDF ပူးပေါင်းတပ်များဘက် ထိခိုက်မှု မရှိကြောင်း KNLA ထံမှ သိရသည်။

အင်အား ၅၀ နီးပါးရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းသို့ သွားရောက်ရာတွင် ကြားဖြတ်တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး ယနေ့အထိ မေတ္တာဗျူဟာသို့ မသွားရောက် နိုင်သေးကြောင်း KNLA ထံမှ သိရသည်။

မတ်လ ၄ ရက်နှင့် ၆ ရက်တို့တွင်လည်း မေတ္တာမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် ယခုလအတွင်း စစ်ကောင်စီက လေးရက်အထိ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရှေ့တောဒေသက ကျေးရွာ ၁၂ ခန့်က လူဦးရေ ၇၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။