သရက်ချောင်း ရောင်းမော်ရွာဘက်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

0
2319

သရက်ချောင်းမြို့နယ်၊ ရောင်းမော်ရွာဘက်တွင် စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပွားဖြစ်နေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ မတ်လ ၂ရက် နံနက် ၅ နာရီခွဲခန့်တွင် ရောင်းမော်ရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ စခန်းချနေထိုင်သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။

နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲကမူ “အခုထိ ကြဲနေသေးတယ်။ လေယာဉ်က တစ်စီးပဲ။ Mi-2 စစ်ရောင်၊ ကြဲတာကတော့ စော်ဖျား၊ အင်းပြားတဝိုက်ပဲ။ လူတွေလည်း အခုပြေးနေလွှားနေကြတယ်” ဟု ယနေ့ နံနက် ၁၀နာရီ ၅၀ မိနစ်ခန့်က ပြောသည်။

တိုက်ခိုက်ခံရသည့် နေရာသည် ရောင်းမော်ရွာထိပ်ဖြစ်ပြီး ယင်းလမ်းပိုင်းမှ ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ စော်ဖျားရွာဘက်ကို သွား၍ရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိမရှိကိုမူ မသိရသေးပေ။

တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ ကြာအင်း၊ စော်ဖျားစသည့် ကျေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။