လောင်းလုံးရှိ ကျေးရွာအချို့ စက်သုံးဆီပြတ်လပ်

0
1125

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလ ထွက်ပေါ်နေပြီး အလုယက်ဝယ်ယူနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့ကြောင့် ကျေးရွာအချို့တွင် စက်သုံးဆီများပြတ်လပ်နေပြီး ဝယ်ယူမရဘဲဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

လောင်းလုံးမြို့၏ တောင်ဘက်ကျေးရွာများတွင် ယင်းကဲ့သို့ စက်သုံးဆီပြတ်နေခြင်းဖြစ်ပြီး အလုအယက် လိုက်လံဝယ်ယူနေကြခြင်းဖြစ်သည်။

“ဒီမနက်(ဆိုင်ကယ်)ဆီလိုက်ထည့်တာ နှစ်လီတာပဲ ရလာတယ်။ အဲဒါတောင် တန်းစီစောင့်ပြီးမှရတာ။ ရလိုရငြားလိုက်မေးနေတဲ့သူလည်းတစ်ပုံကြီးပဲ” လို့ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိတံတားပျက်စီးသွားခြင်း၊ ရန်ကုန်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘော မီးလောက်သွားခြင်း၊ ထားဝယ်- လောင်းလုံးလမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စက်သုံးဆီတင်ဆောင် လာသည့်ကားများကို ဖြတ်သန်းခွင့်မပြုခြင်းကြောင့် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများထွက်ပေါ်လျှက်ရှိသည်။

ယင်းနောက်စက်သုံးဆီဝယ်ယူသူများလာပြီး ပြတ်လပ်သွားခြင်းဖြစ်သည်။

ထားဝယ်မြို့ပေါ်တွင်မူ စက်သုံးဆီပြတ်လပ်ခြင်းမရှိကြောင်းစုံစမ်းသိရှိရသည်။

ဒေသတွင်းကျေးရွာများကို စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေသည့် ထားဝယ်မြို့ကမ်းနားလမ်းရှိ စက်သုံးဆီအရောင်းကုမ္ပဏီတစ်ခုတွင်မူ ဓာတ်ဆီအမျိုးအစားတစ်ခုပြတ်လပ်နေသည်မှာ ၂ ရက်ရှိနေပြီဖြစ်ကြောင်း ကုမ္ပဏီနှင့်ရင်းနှီးသူတစ်ဦးကဆိုသည်။

“ပရီမီယံနဲ့ ဒီဇယ်တော့ရှိတယ်။ ဓာတ်ဆီကတော့ ပြတ်နေတာ နှစ်ရက်ရှိပြီလို့ပြောလိုက်တယ်။ အဲဒါလည်း မကြာဘူး ပြန်ရောက်လာမယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျန်စက်သုံးဆီရောင်းချသည့် အခြားကုမ္ပဏီတို့လည်း ပုံမှန်အတိုင်း ရောင်းချပေးလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

လောင်းလုံးမြို့အနီးတွင် ဖေဖော်ဝါရီလ ၁ ရက်‌က စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြင်းထိန်ရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သဖြင့် ဒေသတွင်းကုန်တင်ကားများ ဖြတ်သန်းသွားလာမရဲဘဲဖြစ်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့်လည်း ကျေးရွာအချို့စက်သုံးဆီပြတ်လပ်သွားရသည့်အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ဆိုင်ပိုင်အချို့ကပြောသည်။

ပြင်းထိန်ရွာသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ဖေဖော်ဝါရီလ ၁ ရက်က ပြင်းထိန်ရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ မတ်လ ၂ရက် နံနက်ပိုင်းတွင် ပြန်ဆုတ်သွားကြောင်း ဒေသခံအချို့ကပြောသည်။

“ဒီနေ့အထိ ကားတွေ(ထားဝယ်မြို့) တက်သွားတာ သိပ်မတွေ့ရဘူး။ စစ်တပ်ကတော့ ပြန်သွားပြီ။ မရှိတော့ဘူး။ ပုံမှန်(ခရီးသည်တင်) မှန်လုံကားတွေတော့ ဖြတ်သွားနေကြတယ်။ ကားတွေသွားလို့ရပြီဆိုရင်တော့ စက်သုံးဆီက ပြန်ရမှာပါ” ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

ဒေသတွင်း စက်သုံးဆီပြတ်လပ်သွားသဖြင့် ဈေးနှုန်းလည်း နေ့ချင်းခုန်တက်သွားပြီး ယခင်က တစ်လီတာ ၃၁၀၀ ကျပ်အစား ၃၅၀၀ ကျပ်ဝန်းကျင်သို့ မြင့်တက်သွားကြောင်းဒေသခံအချို့ကပြောသည်။