လောင်းလုံး သဘော့ဆိပ်ရွာကို စစ်ကြောင်းဝင်ရောက်နေပြီး ရွာခံအချို့ဖမ်းခံထားရ

0
1142

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာကို ယနေ့ (မတ် ၂) မနက်စောစောတွင် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်း ရောက်ရှိလာပြီး ရွာခံများလည်း အဖမ်းခံထားရကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ စစ်ကြောင်းက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သဘော့ဆိပ်ရွာအတွင်း‌ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ခရီးသွားဒေသခံအချို့ကို ဖမ်းဆီးထားကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးထားသူများမှ အချို့ကိုသာ ပြန်လွတ်ပေးသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သေနတ်ပစ်ခတ်တာမျိုးတော့ မကြားရသေးဘူး။ စာသင်ကျောင်းရှေ့မှာ မနက်က ဖမ်းခံထားရသူရှိတယ်။ သုံးယောက်ကပြန်လွတ်လာပါပြီ နှစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ် ဒဏ်ရာရထားတာလည်းတွေ့ရတယ်”ဟု ၎င်းကပြောသည်။

စစ်ကြောင်းရောက်ရှိနေမှုကြောင့် သဘော့ဆိပ်ရွာသားများ နေအိမ်စွန်ခွာထွက်ပြေးနေကြရပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မောင်းမကန်နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယခုရက်ပိုင်းအတွင် ထားဝယ်၊လောင်းလုံး၊ရေဖြူ မြို့နယ်များမှ ကျေးရွာအချို့ကို စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်နေခြင်းကြောင့် ဒေသခံပြည်သူများ ထိတ်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြသည်။