မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ယာယီအလုပ်လုပ်ခွင့်ပေးရန် ထိုင်းအမတ်တောင်းဆို

0
3356

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ယာယီ အလုပ်လုပ်ခွင့်ပေးရန်လူ့အခွင့်အရေးလှုပ်ရှားနေသူ ထိုင်းအတိုက်ခံပါတီ၏ လွှတ်တော်အမတ် Kannavee Suebsang က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုဖြင့် ယာယီအလုပ်လုပ်ခွင့်ပြုပြီး အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန် Fair ပါတီ၏ လွှတ်တော်အမတ်က အစိုးရကို အကြံပြုလိုက်ခြင်းဖြစ်သည်။

လတ်တလောတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်မှုကို မြန်မာအစိုးရ ဘက်က ယာယီရပ်ဆိုင်းထားပြီး အကြောင်းအရင်း တိတိကျကျကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံသဘောတူချက်အရ ယခင်က တစ်ရက်လျှင် MoU မြန်မာအလုပ်သမား ပျမ်းမျှ ၇၀၀ နှင့် ၈၀၀ ကြား ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်နေခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းထားသည့်အပြင် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံထားရသော မြန်မာ နိုင်ငံသားများကိုပါ နေရပ်ပြန်ပို့ခံရမည်ဖြစ်သဖြင့် များစွာစိုးရိမ်ကြောင်း အမတ်၏ ပြောဆိုထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်နေခြင်းမဟုတ်ဘဲ စစ်ပွဲများကြောင့် အသက်လုပြေးခဲ့ရသူ များဖြစ်ကြောင်း လွှတ်တော်အမတ်က ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေကို ရှောင်ရှားနိုင်ရန် မြန်မာလူငယ်များသည် ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာသည်ကို လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အစိုးရကို တိုက်တွန်းထားသည်။

ယခုအခြေအနေများကို ဖြေရှင်းရန်အတွက် ထိုင်းအစိုးရအနေဖြင့် လာမည့်ခြောက်လအတွင်း အရေးပေါ်အစီအစဉ်များ ချမှတ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုတိုက်တွန်းချက်များ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးအပါအဝင် မြန်မာအလုပ်သမား ၁၉ဦး ဖမ်းဆီးရခံခဲ့ရသည်။

Ref: Bangkok Post