ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်သူများကို စမတ်ကတ်လုပ်ရန် စစ်ကောင်စီဖိအားပေး

0
1721

ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဇီဝဆိုင်ရာ စမတ်ကတ်ပြုလုပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့ထံမှ သိရသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားသူများ များပြားလာခဲ့သည်။

ယင်းအပေါ်အခွင့်ကောင်းယူကာ စမတ်ကတ်ပြုလုပ်ခိုင်းနေပြီး စမတ်ကတ်ရှိမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု စစ်ကောင်စီက ဖိအားပေးပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ပြောသည်။

“စမတ်ကတ်ရှိမှ ပတ်စ်ပို့ထုတ်ပေးမယ်ပြောလို့ စမတ်ကတ်လျှောက်လိုက်ရတာ” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။

စမတ်ကတ်ဟု ဒေသခံများ အလွယ်ခေါ်နေသော ကတ်ကို အီလက်ထရောနစ်မှတ်ပုံတင်ကတ် တစ်နည်းအားဖြင့် ဇီဝဆိုင်ရာကတ် (Biometric Card) ဟုလည်းခေါ်ဆိုသည်။

ယင်းအတွက်ကြောင့် ထားဝယ်ပတ်စ်ပို့ရုံးနှင့် လဝကရုံးတွင် လူများတန်းစီပြီး လျှောက်ထားနေကြကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတို့ကဆိုသည်။

“အခုဆိုရင် ပတ်စ်ပို့ရုံးမှာလည်း လူတွေအများကြီးပဲ လျှောက်နေကြတာ။ စမတ်ကတ်ရုံးမှာလည်း အများကြီးပဲ တန်းစီ နေရတယ်။ မနက်ကတည်းကတန်းစီတာ နေ့လယ်လောက်မှရတယ်” ဟု ယမန်နေ့က စမတ်ကတ်သွားလျှောက်သူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဇီဝဆိုင်ရာမှတ်ပုံတင်ကတ်စနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။

သို့သော် ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်‌နေသူများကိုသာ ကတ်ပြားထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထိန်းချုပ်မှုမရှိသည့် နယ်ကျေးရွာနေသူများကို ထုတ်ပေးနိုင်ခြင်း မရှိသေးပေ။

ယင်းအတွက်ကြောင့် နည်းလမ်းမျိုးစုံသုံးပြီး အဆိုပါကတ်ပြားများကို ထုတ်ပေးနေရခြင်းဖြစ်သည်။ ယင်းအထဲတွင် နိုင်ငံကူးလျှောက်သူများကို စမတ်ကတ်လျှောက်ခိုင်းခြင်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။

စမတ်ကတ်လျှောက်ထားသူများကို စစ်ကောင်စီက မျက်လုံး၊ လက်ဗွေ စသည်တို့ကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားရှိခြင်းဖြစ်သည်။

လူအခွင့်အရေးအဖွဲ့တို့ကမူ စစ်ကောင်စီအနေဖြင့် ပြည်သူတို့၏ ဇီဝဆိုင်ရာအချက်အလက်များကို လက်နက်သဖွယ် အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာနိုင်ကြောင်း ထောက်ပြထားသည်။

သို့သော် ‌ဒေသခံတို့မှာ စစ်မှုထမ်းရမည်ကို စိုးရိမ်ပြီး ပြည်ပထွက်ခွာလိုကြသဖြင့် စမတ်ကတ် (ဇီဝဆိုင်ရာကတ်) ကို မဖြစ်မနေ လုပ်ဆောင်နေကြရသည်။