မြန်မာများ ထိုင်းသို့ တရားမဝင်ဝင်ရောက်မှု ထိထိရောက်ရောက် ဖမ်းဆီးမည်ဟု ဝန်ကြီးချုပ် သတိပေး

0
835
ပုံစာ - ပြီးခဲ့သော ရက်များက ဖမ်းဆီးခံရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင့်ဖြင့် ဝင်လာမည့် မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူသွားမည်ဟု ဝန်ကြီးချုပ် ဆေထာထဝီဆင်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သတိပေးပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက လာမည့်ဧပြီလကစပြီး အသက် ၁၈ နှစ်ပြည့်ပြီးသား လူငယ်များ စစ်မှုမထမ်းမနေရဥပဒေကို စတင်အကောင်အထည်ဖော်မည်ဟု ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီထံ စစ်မှုထမ်းရမည်ကို ရှောင်ရှားနိုင်ရန် မြန်မာလူငယ်အများအပြား ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာကြရန် ရှိနေသဖြင့် ဝန်ကြီးချုပ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုင်းနိုင်ငံကို တရားဝင်လာရောက်ရန် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားမှု သိသိသာသာ များပြားလာနေသည်ကို ဝန်ကြီးချုပ် စေထာ ထဝီဆင်ကလည်း ကြိုဆိုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ တရားမဝင် ခိုးဝင်လာခဲ့လျှင်တော့ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ရမည်ဟု သတိပေးပြောကြားခဲ့သည်။

ဖမ်းဆီးနိုင်ရေးကိုလည်း လုံခြုံရေးဌာနက အာဏာပိုင်များနှင့် ဆွေးနွေးပြီးပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

ယခုအပတ်များတွင် ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားများ တရားမဝင် ခိုးဝင်မှု ဆက်တိုက်မြင့်တက်လာသကဲ့သို့ နယ်စပ်တစ်လျှောက် ထိုင်းဘက်က လုံခြုံရေးများလည်း တိုးမြင့်ချထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသားများ၏ အလုပ်လက်မဲ့နှုန်းသည် ၁ ရာခိုင်နှုန်းအောက်တွင်သာရှိပြီး အလုပ်သမားများ လိုအပ်နေဆဲဖြစ်ကြောင်း သို့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်ရန် သတ်မှတ်ထားသော လုပ်ငန်းစဥ်များအတိုင်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပါက ထိုင်းနိုင်ငံသို့ ၁၄ ရက် ဗီဇာဖြင့် လည်ပတ်နိုင်ကြောင်းလည်း ထိုင်းသံရုံးဘက်က ပြောကြားထားသည်။

Ref: Bangkok Post