ရှမ်းတွင် အရွယ်ရောက်သူတိုင်း ခြောက်နှစ်စစ်မှုထမ်းရမည်ဟု RCSS/SSA ကြေညာ

0
1297
ပုံစာ - RCSS တပ်ဖွဲ့ဝင်များ။ Photo – Tai Freedom

ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် မည်သည့်တိုင်းရင်းသားမဆို အသက် ၁၈နှစ်ပြည့်လျှင် ခြောက်နှစ် စစ်မှုထမ်းရမည် ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အသက် ၁၈နှစ်မှ ၄၅နှစ်အတွင်းရှိသည့် အမျိုးသား၊ အမျိုးသမီးအားလုံး RCSS/SSA တွင် စစ်မှုထမ်းရမည်ဟု ဖော်ပြသည်။

တက္ကသိုလ်ကျောင်းသားဖြစ်လျှင် ရုံးလုပ်ငန်းတွင် တာဝန်ထမ်းရမည်ဖြစ်ပြီး စစ်မှုကျွမ်းကျင်များအနေဖြင့် လျှပ်စစ်၊ စက်ပစ္စည်း၊ ယာဉ် ထိန်းသိမ်းပြုပြင်ခြင်း၊ အနည်းပညာကျွမ်းကျင်သူများက ဒရုန်းတပ်ဖွဲ့နှင့် IT ဌာန၊ ဝက်ဘ်ဆိုက်ပိုင်းတွင် တာဝန်ထမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သမိုင်းကျွမ်းကျင်သူများက သမိုင်းကြောင်းပြုစုရမည်ဖြစ်ပြီး စည်းရုံးရေးကောင်းသူများက ပြည်နယ်အတွင် စည်းရုံးစုဆောင်းရမည်ဟုလည်း ဆိုသည်။

ရပ်ရွာလူကြီးခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊ မိသားစုအလိုက် တိမ်းရှောင်လျှင် ပိုင်ဆိုင်သည့် အိမ်ခြံမြေ၊ လယ်ယာတို့ကို သိမ်းယူမည်ဖြစ်ကြောင်း RCSS/SSA က ထုတ်ပြန်သည်။

လယ်ယာများကို သုံးနှစ်ဆက်တိုက် မပြုလုပ်ဘဲ ထားလျှင်လည်း သိမ်းဆည်းမည်ဟု ဆက်လက် ဖော်ပြသည်။

RCSS တွင် စစ်မှုထမ်းလျှင် စစ်ကောင်ထံတွင် စစ်မှုထမ်းရန်မလိုဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောဆိုကြောင်း သျှမ်းသံတော်ဆင့်သတင်းတစ်ရပ်တွင် ရေးသားထားသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်အဖွဲ့အချို့က စစ်သားစုဆောင်းကာ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းစေလွှတ်မည်ဟု ရေးသား ဖြန့်ဝေမှုများရှိနေသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းကာလတွင် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။