စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း AA ပြော

0
2176
ပုံစာ - မင်းပြားမြို့နယ်၌ ဖေဖော်ဝါရီလ ၁၂ ရက်တွင် AA က တိုက်ခိုက်နစ်မြှုပ်ခဲ့သည့် စစ်သင်္ဘော။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ကျောက်တော်မြို့နယ်တွင် စစ်သင်္ဘောသုံးစီးကို တိုက်ခိုက်နစ်မြှုပ်ပြီးနောက် မင်းပြားမြို့နယ်တွင် နောက်ထပ်စစ်သင်္ဘောတစ်စင်းကို နစ်မြှုပ်နိုင်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြသည်။

ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ရေကြောင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်းပြားမြို့နယ်တွင် ရေကြောင်းအပြင် လေကြောင်း တိုက်ခိုက်မှုလည်းရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက လေကြောင်းဖြင့် ပစ်ခတ်သဖြင့် ထုတ်ပင်လယ်ရွာက အရပ်သား လေးဦး အပြင်းအထန် ဒဏ်ရာရကြောင်း AA က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြောရွာအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် သိမ်တောင်ဘုရားကုန်းမှ မြို့ထဲသို့ ဖေဖော်ဝါရီလ ၁၂ ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့အပါအဝင် အောင်ဓမ္မဗိမာန်ဓမ္မာရုံနှင့် ကိုယ်ရံတောင်ဘုရားကုန်း အနီးတစ်ဝိုက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

ကျောက်ဖြူမြို့တွင်လည်း ခမရ ၅၄၂ တပ်ရင်းဗျူဟာကုန်းနှင့် စစ်သင်္ဘောတို့က ကျေးရွာများသို့ လက်နက်ဖြင့် ကြိမ်ရေ ၇၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

AA ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်ညက AA ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နှင့်အနီးတဝိုက်ကို ထောက်ပို့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပိုက်သည်ရပ်ကွက်က အရပ်သားခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဖော်ပြသည်။