တနင်္သာရီ မော်တုန်းရွာက သက်ကြီးပိုင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

0
2018
ပုံစာ- ဦးဟာဂျီရုပ်အလောင်းစစ်တပ်ဆေးရုံကပြန်လည် သယ်လာစဉ်။ ဓာတ်ပုံ- ချစ်ကြည်ရေး

တနင်္သာရီမြို့နယ် ၊ မော်တုန်းကျေးရွာက အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီ ဆိုသူသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈နာရီဝန်းကျင်၌ မြို့ဟောင်းရွာတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဆေးကုသနေစဉ် အသက်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။

နာရေးကူညီမှုအသင်းအတွက် အလှူငွေသွားရောက်ကောက်ခံပြီး နေအိမ်ရှိရာ မော်တုန်းရွာသို့ မြို့ဟောင်းရွာမှ ပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဦးဟာဂျီ မိုင်းနင်းမိသည့် နေရာနှင့်စစ်ကောင်စီ၏ အမှတ် (၃၀၆) အမြောက်တပ်ရင်းသည် ၂ ဖာလုံခန့်ကွာဝေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါမိုင်းသည် လူနေအိမ်များ၏အနောက်ဘက်တွင် ထောင်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိုင်းနင်းမိပြီးနောက် အမှတ် (၃၀၆) အမြောက်တပ်ရင်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သော်လည်း တယ်လီဖုန်းဖြင့်သာ မိုင်းရှိသည့်နေရာများ ညွှန်ကြား၍ ကိုယ်တိုင်လာရောက် ကူညီပေးခြင်းမရှိခဲ့ကြောင်း သွားရောက်ကူညီရာတွင်ပါဝင်ခဲ့သူများကပြောပြသည်။

“မိုင်းနင်းမိတော့ မိုင်းကွင်းဖြစ်နေမှာစိုးလို့ ဘယ်သူမှ လူနာကိုဝင်ဆွဲမရဲဘူး။ တစ်နာရီလောက်ကြာသွားတယ်။ ဘယ်သူမှဝင်မရဲတော့ ဦးဟာဂျီ သမီးက သူကိုယ်တိုင်ဝင်ဆွဲတာ တစ်လံလောက်ပါလာတယ်။ ပြီးမှရွာသားတွေက သွားဆွဲထုတ်ပေးရဲတယ်“ ဟု မော်တုန်းရွာက အမျိုးသားတစ်ဦးကပြောသည်။

ဦးဟာဂျီတွင် အခင်းဖြစ်ပွားသည့်နေရာ၌ပင် ညာဘက်ခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာ နှင့် ဘယ်ဘက်ခြေတွင်လည်း တင်ပဆုံအထိမိုင်းထိထားသည့်ဒဏ်ရာများရထားကြောင်း မျက်မြင်တွေ့ရသူများက ဆိုသည်။

မိုင်းနင်းမိထားသည့် ဦးဟာဂျီကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက်၁ဝ နာရီဝန်းကျင်တွင် တနင်္သာရီဆေးရုံသို့တင်ဆောင်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထိုမှတစ်ဆင့် မြိတ်ရှိ စစ်တပ်ဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁နာရီတွင် အသက်ဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးဟာဂျီ ၏ ရုပ်အလောင်းကို မိသားစုက ယနေ့မနက်ပိုင်း တွင် စစ်တပ်ဆေးရုံမှပြန်ထုတ်လာခဲ့ပြီး ဈာပနကို မော်တုန်းရွာတွင်ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည်နှစ် ဒီဇင်ဘာလနှောင်းပိုင်းတွက်လည်း မော်တုန်းရွာက ဝါးခုတ်သွားသည့်အမျိုးသားတစ်ဦး အမှတ် ၃၀၆ အမြောက်တပ်အနီးမိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးခဲ့ကသေးသည်။