သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦး ရော်ဘာခြစ်သွားစဉ် မိုင်းနင်းမိ

0
1437
ဓါတ်ပုံ - ပေးပို့

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ရော်ဘာခြစ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

မိုင်းနင်းမိသည့် အသက် ၄၀ ကျော်အရွယ် ဒေါ်မြင့်သန်း၏ ရော်ဘာခြံမှာ ကြာအင်းရွာအနီးက ပန်းတော့ရွာအလွန်တွင် တည်ရှိကြောင်း ကြာအင်းကျေးရွာက အမျိုးသားတစ်ဦးက ဆိုသည်။

“ခြေဖဝါးရှေ့က တစ်ပိုင်းတော့ ပြတ်ထွက်သွားတယ်။ ခြေနင်းမိုင်းပါ၊ ဆေးရုံ ပို့ထားတယ်” ဟု ၎င်းက ပြောသည်။

မြေမြှုပ်မိုင်းမှာ ပန်းတော့ရွာအနီး ရော်ဘာခြံသွားသည့် လူသွားလမ်းတွင် နင်းမိခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းလာရှင်းပေးရာ မိုင်းတစ်လုံး ထပ်တွေ့ကြောင်း ဒေသခံအချို့က ဆိုသည်။

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံများ ဥယျာဉ်ခြံထဲသို့ မသွားရဲကြတော့ကြောင်းလည်း ဒေသခံအချို့ ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ဇန်နဝါရီလ ၃၁ ရက်တွင် စော်ဖျားရွာဘုရားကုန်းစခန်းကို စွန့်ခွာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နှင့် ၇ ရက်နေ့တို့တွင် ကင်းရှေ့ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါစစ်ကြောင်းသည် ယခုမြေမြှုပ်မိုင်းနင်းမိသည့် ပန်းတော့ရွာနှင့် ကျောက်လှေကားရွာအနီးက စော်ဖျားရွာအထိ ပြန်ဝင်လာပြီး ရောင်းမော်ရွာဘက်သို့ ပြန်ထွက်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။