ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါးသယ်လာသည့် ကုန်ကားတစ်စီး ဗထူးတပ်ဖမ်းဆီး

0
1322
ဓာတ်ပုံ- ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်။

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါး သယ်လာသည့်ကုန်တင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၉ ရက်ကဖမ်းဆီးထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေစဥ် ရေးမြို့ဘက်မှလာသော ၁၂ဘီးကုန်တင်ယာဥ်တစ်စီး အား ရပ်တန့်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါကုန်တင်ကားတွင် ကာလတန်ဖိုး ကျပ်သိန်းကိုထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သိန်းရှစ်သောင်းကျော် နှင့် ငွေသား ကျပ်ဆယ့်တစ်သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း ဗထူးတပ်ထံကသိရသည်။

ကုန်တင်ကားနှင့် မူးယစ်ဆေးဝါးအပါအဝင် သယ်ဆောင်လာသည့်ကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် ၂ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ဗထူးတပ်မတော် ပြန်ကြာရေး တာဝန်ခံ ကိုထက်မြက်ကပြောသည်။

အဆိုပါဖမ်းဆီးထားသူ နှစ်ဦးအား အရေးယူမှုနှင့်ပတ်သက်၍ မေးမြန်ရာ “လက်ရှိစစ်ဆေးနေတဲ့အခြေအနေမှာပဲရှိသေးတယ်။ အရေးယူဖို့က နောက်ထပ်အပိုင်း။ ဘယ်လိုအရေးယူမယ်ဆိုတာကပြောလို့မရသေးဘူး” ဟု ကိုထက်မြက် က ပြောဆိုသည်။

ယင်းကားကို ဖမ်းဆီးသည့် ရက်တွင် လမ်းပေါ်တွင် ရပ်ထားသည်ကို တွေ့ရကြောင်း ရေး-ထားဝယ်လမ်းပိုင်းတွင် သွားလာအသုံးပြုနေသည့်ယာဥ်မောင်းတစ်ဦးက ဆိုသည်။

“နောက်တစ်ရက်မှ (ကား) ကို မီးရှို့လိုက်တာ။ မီးရှို့ပစ်လိုက်တာက မကောင်းပေမဲ့ ကိုယ်မသိတဲ့ နောက်ကွယ်က အကြောင်းတွေလည်းရှိနေမယ်ထင်တယ်။ မလွှဲတောင်ကိုကျော်ပြီးမူးယစ်ဆေးတွေ ဘယ်လိုသယ်လာသလဲပေါ့။ ကာယကံရှင် ကားသမားကိုယ်တိုင်ပဲ သိလိမ့်မယ် ” ဟု ၎င်းက ပြောသည်။

ယခု မူးယစ်ဆေးဝါးဖမ်းဆီးမှုကို ဗထူးတပ်မတော်နှင့်အတူ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်တွင်လည်း ရေဖြူမြို့နယ် ၊ ရေး-ထားဝယ်ကားလမ်းပိုင်းရှိ အလယ်စခန်းရွာတွင် Tipper ကားအမျိုးအစား ကားတစ်စီးတွင် ကာလတန်ဖိုးကျပ် ၈၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေး ၊ ဗဟိုကော်မတီ(CCDAC)ထံက ထုတ်ပြန်ထားသည်။