တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1274

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ သေဆုံး

ပုံစာ – ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီရွာစာသင်ကျောင်း ဖေဖော်ဝါရီလ ၅ရက်နေ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။

တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၂၀ဦး သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈နှစ်အောက် မိန်းကလေး လေးဦးနဲ့ ယောင်္ကျားလေး ၁၆ ဦး သေဆုံးခဲ့တာလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လူကြီး၊ လူငယ် စုစုပေါင်း ၄၅ ဦးအထိ ရှိလာတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း ကာလ သုံးနှစ်အတွင်း အရပ်သားပြည်သူ ၄၄၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

……………………………………

ရခိုင်မှာ မြို့ငါးမြို့ကို AA သိမ်းယူထိန်းချုပ်၊ စစ်သင်္ဘောသုံးစင်းကိုလည်း တိုက်ခိုက်နစ်မြှုပ်

ပုံစာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းယူထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြို့ငါးမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီး စစ်သင်္ဘောသုံးစင်းကို တိုက်ခိုက်နစ်မြှုပ်လိုက်တယ်လို့ ဆိုပါတယ်။

ရခိုင်ဘုရင်တွေ နန်းစိုက်ခဲ့တဲ့ ရှေးဟောင်းမြို့ မြောက်ဦး အပါအဝင် မြို့နယ်အဆင့် မြို့တွေဖြစ်တဲ့ ကျောက်တော်၊ မင်းပြား၊ ပေါက်တောနဲ့ မြို့အဆင့်ဖြစ်တဲ့ တောင်ပြိုလက်ဝဲကို AA က သိမ်းယူထိန်းချုပ်လိုက်တာပါ။

ရခိုင်မှာ ပေါက်တောမြို့ကို ဇန်နဝါရီလ တတိယပတ်မှာ AA အရင်ဆုံး သိမ်းနိုင်ခဲ့တာပါ။ ယခုသီတင်းပတ်အတွင်းမှာတော့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမှာရှိတဲ့ ဒကစ (၉) လက်အောက်ခံ တပ်ရင်း ၁၀ခုကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ သလို နယ်ခြားစောင့်စခန်းတွေကို သိမ်းယူပြီး မောင်တောမြို့နယ်ထဲက တောင်ပြိုလက်ဝဲကို ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒီမတိုင်ခင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း AA သိမ်းယူထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၇ရက်နဲ့ ၈ရက်နေ့တွေမှာ စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစင်းကို မြစ်အတွင်း နစ်မြှုပ်နိုင်ခဲ့သလို တစ်စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ ပင်လယ်ပြင်တိုက်ပွဲမှာ အောင်ပွဲရတဲ့​နေ့လို့ AA က ပြောပါတယ်။ ၂၀၂၄ မှာ စစ်သင်္ဘော ခုနစ်စီးကို သွားလာလို့ မရအောင်၊ မြစ်အတွင်း ရေချလို့ မရအောင် လုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရမ်းဗြဲမြို့မှာလည်း မြို့ပေါ်တိုက်ပွဲဆက်လက်ပြင်းထန်နေသလို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။

……………………………………

ဒီးမော့ဆိုမှာ စာသင်ကျောင်းလေကြောင်းတိုက်ခံရပြီး ကလေးငယ်တွေသေဆုံး

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ကလေးတွေ ကျောင်းတက်နေချိန် စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရတာ၊ ရှားတောမြို့နယ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

ဒီးမော့ဆိုက ဒေါဆီးအီရွာနဲ့ လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းအနီးတစ်ဝိုက်ကို ဖေဖော်ဝါရီလ ၅ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ၁၀ ကြိမ်ဗုံးကြဲခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

ဒေါဆီးအီရွာ စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃နှစ်ဝန်းကျင် ကလေး လေးဦးသေဆုံးပြီး ကလေး ၁၄ ဦးဒဏ်ရာရသလို လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းမှာလည်း သက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံးတဲ့အပြင် ဆရာ၊ ဆရာမ နှစ်ဦးနဲ့ ရွာသား ငါးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါဟာ ကလေးသူငယ်အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်တော့ လေကြောင်းတိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရှားတောမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်သွားတဲ့ ကလေးငယ်သုံးဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရတယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။ မိုင်းပျဉ်းအခြေစိုက် စစ်ကောင်စီ ခလရ ၂၄၉ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ခေါ်သွားတာလို့ ဆိုပါတယ်။

……………………………………

ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးတံခါးပိတ်ဆွေးနွေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို တံခါးပိတ်ဆွေးနွေးခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်နေတာ၊ လေကြောင်းတိုက်ခိုက်မှု မြင့်တက် လာတာတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အစည်းအဝေးအပြီး ကြေညာချက်ထုတ်ရာမှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ခြောက်နိုင်ငံပါဝင်ခဲ့ပြီး တရုတ်နဲ့ ရုရှားအပါအဝင်အဖွဲ့ဝင် လေးနိုင်ငံကတော့ ပါဝင်တာ မရှိပါဘူး။

မြန်မာအရေးအတွက် လုံခြုံရေးကောင်စီက ၂၀၂၂မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်တွေကို အပြည့်အဝ လိုက်နာ အကောင်အထည် ဖော်ဖို့ ထပ်မံအတည်ပြုခဲ့ပါတယ်။

၂၀၂၂ က လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်တွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အာဆီယံသဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးလိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီ တွေကို အကန့် အသတ် မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမြန်ဆုံးခန့်အပ်ဖို့လည်း တိုက်တွန်းခဲ့ ကြပါတယ်။ တံခါးပိတ်အစည်းအဝေးကို မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်လည်း တက်ရောက်ခဲ့ပါတယ်။

ကုလရဲ့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကတော့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ စစ်တပ်ကို အရေးယူဖို့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

……………………………………

ကောလင်းကို စစ်ကောင်စီအပြင်းအထန် ပြန်တိုက်

ပုံစာ – ကောလင်းမြို့ ဖေဖော်ဝါရီလ ၁၀ ရက် မီးရှို့ခံထားရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က အပြင်းအထန် ပြန်လည်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့ကနေ စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ Kawlin Revolution-KR

ဆီကနေ သိရပါတယ်။

ကျေးရွာတွေကို မီးရှို့တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဟာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၈ရက်နေ့မှာ ကောလင်းမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ Kawlin Revolution-KR ဆီကနေ သိရပါတယ်။ မြို့ကို ထိုးဖောက်ဝင်ရောက်လာပေမယ့် ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းအထိ မြို့ကို စစ်ကောင်စီတပ်က မထိန်းချုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ကချင်တပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၃ရက်နေ့မှာ NUG အုပ်ချုပ်ရေးစတင်ခဲ့ပါတယ်။

……………………………………

မြောင်ခင်ရန်းရွာမှာ PDF နှစ်ဦး မီးရှို့သတ်ဖြတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောင်ခင်ရန်းရွာမှာ PDF ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ရုပ်သံမှတ်တမ်းထွက်ပေါ်လာ ပါတယ်။

သတ်ဖြတ်ခံရတဲ့ ရဲဘော်နှစ်ဦးဟာ ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင် ရဲဘော် ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ ဖြစ်ပါ တယ်။ သူတို့ဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ရာမှာ ဖမ်းဆီးခံရတာလို့ YDF က ထုတ်ပြန်ထားပါတယ်။

ရဲဘော်နှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့အပြင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပြီး ရွာက တစ်အိမ်တစ်ယောက် လာကြည့်ခိုင်းတယ်လို့ YDF က ဆိုပါတယ်။ အဲဒီလို သတ်ဖြတ်တဲ့ ရုပ်သံမှတ်တမ်းဟာ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာဖြစ်ပါတယ်။

ရဲဘောင် ဖိုးတေက အဝေးသင် ပထမနှစ်ကျောင်းသားဖြစ်ပြီး ရဲဘော်သားထောင်က ဆယ်တန်းကျောင်းသားဖြစ်ပါတယ်။

……………………………………

နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော် ဘင်္ဂလားဒေ့ရှ်ထွက်ပြေး

ဘင်္ဂလာဒေ့ရှ်နယ်စပ်က မြန်မာနယ်ခြားစောင့်စခန်းနှစ်ခုကို AA က တိုက်ခိုက်သိမ်းယူရာမှာ နယ်ခြားစောင့်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄၀ ကျော် လက်နက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိတဲ့ တောင်ပြို (လက်ဝဲ) နဲ့ တောင်ပြို (လက်ယာ) နယ်ခြားစောင့် စခန်းတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ AA က စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင်တိုက်ခိုက်တဲ့နေ့မှာ တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ တောင်ပြို (လက်ဝဲ) စခန်းကို ထပ်မံသိမ်းယူခဲ့ပါတယ်။

အဲဒီနယ်ခြားစောင့်စခန်းနှစ်ခုက နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့မှာဖြစ်ပြီး လေကြောင်းနဲ့ ပြန်ပို့ဖို့ အဆိုပြု ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုထားပါတယ်။

မြန်မာဘက်က ပစ်ခတ်တဲ့ မော်တာကျည်တွေကျလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ ပလက်ဝဒေသက တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြပါတယ်။

……………………………………