၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်ရမည့်ဥပဒေ စစ်​ခေါင်း​ဆောင် လက်မှတ်ထိုး

0
9052

အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်​ရောက်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်(ယနေ့)တွင် လက်မှတ်​ရေးထိုး ထုတ်ပြန်လိုက်သည်။

အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။

စစ်အာဏာသိမ်ပြီးနောက် နိုင်ငံတဝန်း မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားပြီး စစ်ကောင်စီတပ်အင်အား အများအပြား ပြုန်းတီးနေချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းက စစ်ကောင်စီတပ်တွင် တပ်သားသစ် မစုဆောင်းနိုင်သည့် အခြေအနေကို ထင်ဟပ်နေကြောင်း နိုင်ငံရေးစိတ်ဝင်စားသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့(စစ်ကောင်စီ)က အဆုံးထိသွားတော့မယ့် ပုံစံပါ။ သူတို့အတွက် နောက်ဆုံးကြံရာမရထုတ်သုံးတဲ့ နည်းလမ်းလို့ပဲမြင်တယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တပ်သားသစ်စုရန် ကြိုးပမ်းလာသော်လည်း လူငယ်အများစုက မလုပ်ချင်ဘဲ ထွက်ပြေးကြမည်ဟုထင်ကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

ယင်းဥပ​ဒေပြဌာန်းလိုက်ခြင်းမှာ ​လက်ရှိ​တော်လှန်​ရေးဖြစ်စဥ်တွင် ကြား​နေဆိုသူများကို လှုပ်နှိုးသကဲ့သို့ ဖြစ်သွားပြီး တစ်ဖက်ဖက်ကိုရပ်ရန် တွန်းအား​ပေးသလို ဖြစ်သွားပြီဟု ​ဝေဖန်​ပြောဆိုမှုများလည်း ရှိ​နေသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဟုဆိုကာ ပြည်သူ့စစ်(ပျူစောထီး)များကို စစ်သင်တန်းပေးကာ လက်နက်များတပ်ဆင်ပေးနေသည်။

သို့ရာတွင် နိုင်ငံအနှံ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများနှင့်အတူ ပျူစောထီးများလည်း သေဆုံးဒဏ်ရာရသူ အများအပြားရှိနေသည်။

လက်ရှိစစ်ကောင်စီက အသက်သွင်းလိုက်သည့် ဥပဒေတွင် စစ်မှုထမ်းရန်ကာလကိုလည်း အုပ်စု ၃ ခုခွဲခြားထားပြီး စစ်မှုထမ်းကာလကလည်း အုပ်စုတစ်ခုနှင့်တစ်ခု မတူညီပေ။

(က)အုပ်စုတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဖော်ပြထားသည်။

(ခ) အုပ်စုတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရှိ နိုင်ငံသားများအနက် စစ်ကောင်စီ (မူရင်းအသုံးအနှုန်း)တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခံရသူများက (၃၆) လထက် မပိုသည့်ကာလအတွက် စစ်မှုထမ်းရမည်ဖြစ်ပြီးကျွမ်းကျင်သူများက ၃၆ လတာ စစ်မှုထမ်းရမည်ဟု ဖော်ပြသည်။

ယင်းအပြင် အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ပြီး စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း အဆိုပါဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကျန်းမာရေးအဆင့်မမီကြောင်း ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ ပြုစုစောင့်ရှောက်မည့်သူမရှိဘဲ မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများက စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်ကြောင်းဖော်ပြထားသည်။