စစ်​ကောင်စီက ကံပေါက်တိုက်နယ်တွင် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်​ဆောင်

0
1237

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု နှင့် ဖောင်းတောကျေးရွာအုပ်စုတို့တွင် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ဖမ်းဆီးခံရသူ ၄ ဦးအထိရှိပြီး စစ်ဆေးတင်းကြပ်မှုလည်း ယခင်ကထက်ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံကသိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ တစ်ညတည်းတွင်ပင် အုန်းပင်ကွင်းရွာတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ကိုကျော်ဇင်နှင့် ၎င်း၏ဇနီး ၊ဖောင်းတောရွာမှ ကိုထွန်းပိုင်နှင့်ဇနီးဖြစ်သူမလဲ့ချို စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရသည်။

“ကိုကျော်ဇင်တို့လင်မယားနဲ့ ကိုထွန်းပိုင်တို့လင်မယား အဖမ်းခံရတာ ၅ရက်လောက်တောင်ရှိပြီ။ အခုထိတော့ပြန်မလွတ်လာသေးဘူး“ ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါ အဖမ်းခံရသူလေးဦးစလုံးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းအရင်းကိုမသိရသေးပေ။

ဖေဖော်ဝါရီလ ၆ ရက် ညကလည်း ကံပေါက်ရွာတွင် နေအိမ်တစ်လုံးကိုမောရဝတီရေတပ်စစ်သားများလာရောက်ရှာဖွေခဲ့သေးကြောင်း ရွာသားများကပြောသည်။

ကံပေါက်တိုယ်နယ် နှင့် နဘုလယ်တိုက်နယ် ကို တိုက်ရိုက်သွားလာနိုင်သည့် ကံပေါက်- ဇာဒီလမ်းပိုင်းတွင်လည်း စစ်ကောင်စီက ဓာတ်ပုံများနှင့်တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးကပြောသည်။

“ ဇာဒီလမ်းပိုင်းမှာ အခုစစ်တာက ကြည်းတပ်ရော၊ ရေတပ်ရောစစ်တာ။ တစ်ယောက်ချင်းပုံတွေနဲ့တိုက်စစ်တာ အရင်ကအဲလိုတစ်ခါမှအစစ်မခံရဖူးဘူး “ ဟု လမ်းပိုင်းတွင် စစ်ဆေးခံခဲ့ရသည့် ဇာဒီရွာသားတစ်ဦးကပြောပြသည်။

ယင်းဇာဒီလမ်းပိုင်းရှိ ပယရွာ၊ ရှားကုန်းတွင် စစ်ကောင်စီတပ်က ၂၀၂၃ နှစ်လယ်ပိုင်းတွင် ဂိတ်လာထိုင်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ဂိတ်ပြန်ရုပ်သိမ်းသွားပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် ယင်းလမ်းပိုင်းပေါ်ရှိ ကံပေါက်ရွာအထွက်တွင် ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။

ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ နှစ်လအတွင်း ကံပေါက်ဒေသတွင် ဒေသခံ ၁၁ ဦးအဖမ်းခံရပြီး ၆ ဦးပြန်လွတ်လာ၍ ၅ ဦးအဖမ်းခံထားရဆဲဖြစ်သည်။