ရေးမြို့နယ်တွင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
937

မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာမှ ဒေသခံ ၅ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၅ ဦးတွင် ၂ ဦးကိုနေ့ချင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အစင်ကျေးရွာထိပ်ရှိ ရွှေတောင်ကြီး စားသောက်ဆိုင်ပိုင်ရှင် ကိုနေပိုင်နှင့်အဖော် ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ညပိုင်းတွင် ဇီးဖြူသောင်ရွာမှ ဒေသခံ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

ဇီးဖြူသောင်ရွာမှ လင်မယား ၂ ဦးကို ဝင်ဖမ်းချိန်တွင် အမျိုးသားဖြစ်သူကို မတွေ့၍ အမျိုးသမီးဖြစ်သူကို ဖမ်းခေါ်သွားပြီး အခြားအမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ကိုနေပိုင်တို့ကတော့ ပြန်မလွတ်လာသေးဘူး။ ဇီးဖြူသောင်က ၂ ယောက်ကတော့ ညတွင်းချင်းဘဲ စစ်ဆေးမေးမြန်တာတွေလုပ်ပြီး ပြန်လွတ်ခဲ့တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးသွားကြောင်းကို မသိရသေးပေ။

ဖမ်းဆီးသွားသူများကို ရေးရဲစခန်းကို ခေါ်သွားပြီး စစ်ဆေးနေကာ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုနေပိုင်မှာ ကားအရောင်းအဝယ်၊ စားသောက်ဆိုင်နှင့် အခြားစီးပွားလုပ်ငန်းအချို့ လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က PDF တွေနှင့်ဆက်စပ်မှုရှိခြင်း၊ ငွေကြေးထောက်ပံခြင်း စသော စွပ်စွဲချက်မျိုးစုံဖြင့် ဒေသခံများကို မကြာခဏ ဖမ်းဆီးလေ့ရှိသဖြင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ကို စိုးရိမ်နေကြကြောင်း အစင်ဒေသခံတစ်ဦးကပြောသည်။