မြောက်ဦးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားငါးဦးထက်မနည်းဒဏ်ရာရ

0
531

ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းကို ယနေ့နံနက် ၃နရီဝန်းကျင်တွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၃နာရီခန့်တွင် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်းတို့က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

လက်နက်ကြီးကျည် မြို့လယ်လမ်းဆုံလမ်းခွနှင့် ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦးထက်မနည်း ဒဏ်ရာရသည့်အပြင် နေအိမ်အချို့လည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း ဒေသတွင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။

အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုမှာ နံနက်ပိုင်းတွင် ရပ်တန့်သွားသော်လည်း မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်မည်ဟု သတင်းထွက်သဖြင့် မြို့ခံများမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကပင် ထွက်ပြေး တိမ်းရှောင် ကြပြီး ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့်လည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

မြောက်ဦးတွင် ဒီဇင်ဘာလ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းနောက် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် ရှေးဟောင်းဘုရားစေတီအချို့ ထိခိုက်ပျက်စီးခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်ပိုင်းမြို့နယ်များတွင်ပါ တိုက်ပွဲဖြစ်ပွားလာသည်။