မန်တုံမြို့ကို တအာင်းတပ်သိမ်းယူ၊ တအာင်းတပ် သိမ်းထားသည့်မြို့ လေးမြို့အထိရှိလာ

0
924

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တွင် စစ်ကောင်စီ ဗျူဟာမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းများကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်တော် TNLA က ထုတ်ပြန်သည်။ 

မန်တုံရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာလ ၁၉ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ 

စစ်ကောင်စီတပ် ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ခလရ ၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း TNLA က ဆိုသည်။

လေးရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၈၃ ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် အကြိမ် ၃၀ စုစုပေါင်း လေကြောင်းဖြင့် အကြိမ် ၂၆၀ ကျော် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ခလရ-၁၃၀ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၃၇ ကြိမ်ထက်မနည်း မန်တုံမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။ 

ထို့အပြင် စစ်ကောင်စီတပ်က Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူအင်အားနှင့်  လက်နက်ခဲယမ်းများ ကိုးကြိမ်  မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြသည်။ 

စစ်ကောင်စီတပ်ခန်းများက သိမ်းပိုက်ပြီးနောက် ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲအတွင်း အရပ်သား တစ်ဦးဒဏ်ရာရကာ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ် ၁၆လုံး ထိခိုက်ပျက်စီး မီးလောင်ခဲ့ကြောင်းလည်း ဖော်ပြသည်။ 

မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း မြို့တို့ကိုလည်း TNLA က သိမ်းယူထားသဖြင့် မန်တုံမှာ စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်လာသည်။