ဗိုက်ခွဲထားသည့် အမျိုးသမီးများအပါအဝင် MoU မြန်မာလုပ်သားများ ထိုင်းတွင် အုန်းပင်တက်နေရ

0
598

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် စာချုပ်ထဲတွင်မပါဝင်သော အုန်းပင်တက်ရသည့် အလုပ်ကိုလုပ်နေရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

အမျိုးသမီး ၅ ဦးပါဝင်သော မြန်မာအလုပ်သမား ၁၉ ဦးကို ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးပါကင်ပိတ်စက်ရုံတွင် လုပ်ကိုင်ရန်အတွက် မြန်မာအေဂျင်စီ Gold Silver Diamond က နှစ်နှစ်စာချုပ်ဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ စမွတ်စွန်ခရမ်ခရိုင် မဲခေါက်ဒေသရှိ အုန်းသီးခြံတွင် မြန်မာအလုပ်သမားများသည် အုန်းပင်တက် အုန်းရည်ခံကာ ထန်းလျှက်ချက်သည့် အလုပ်ကိုလုပ်ကိုင်နေကြရကြောင်း အလုပ်သမားထံမှ သိရသည်။

အမျိုးသမီးများပါ နေ့တိုင်း မနက် ၅ နာရီထ အုန်းပင်တက် အလုပ်လုပ်နေရသဖြင့် လုပ်ငန်းခွင်အတွင်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“ကလေးမွေးထားပြီး ဗိုက်ခွဲထားတဲ့ မိန်းကလေးတွေလည်းပါလာတယ် ကျွန်တော်တို့ထဲမှာ။ သူတို့ပါလိုက်တက်နေရတာ အကိုရေး။ လိုက်တက်တဲ့အခါကျတော့ ကိုယ်က အော် တစ်စုံတစ်ခု ဖြစ်မှာကြောက်လို့ ကျွန်တော်တို့လည်း ဝိုင်းတက်ပေးနေရတယ်။ သူတို့ ပြုတ်ကျမှာကြောက်လို့” ဟု ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများ တက်နေရသော အုန်းပင်အရေအတွက် ၁၀၀ ခန့်အထိရှိနေပြီး အုန်းပင်တက်ရင်း ထိမိခိုက်မိပြီး ချော်ကျသည်မျိုးလည်း ရှိနေခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့လည်း အလုပ်မနားရသည့်အပြင် စာချုပ်ပါအတိုင်း လုပ်အားခနှစ်ဆလည်း မရရှိကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်ပေါ်နေသဖြင့် စာချုပ်ပါလုပ်ငန်းခွင်တွင် လုပ်ကိုင်ရရန်နှင့် အခြားအဆင်ပြေသော လုပ်ငန်းခွင်တွင် ပြောင်းလဲလုပ်ကိုင်နိုင်ရေး မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံသို့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

အဖွဲ့မှတစ်ဆင့် မြန်မာအလုပ်သမားများ၏ အခက်အခဲများကို အေဂျင်စီထံသို့ ဆက်သွယ်ခဲ့ရာ လာရောက်ဖြေရှင်းပေးမည်ဟု အကြောင်းအမျိုးမျိုး ပြနေခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ဖြေရှင်းပေးမှုမရှိသေးကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“ကျန့်အော် (အလုပ်ထွက်စာ) ထုတ်ပြီး အခြားအလုပ်ကို ပြောင်းပေးမယ်ပေါ့။ ဒီလိုမျိုးပြောတာ။ ဒါပေမဲ့ အပြောပဲရှိတယ်။ လက်တွေ့ဖြစ်မလာဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာအလုပ်သမားများ၏ အခက်အခဲများကို သံရုံးသို့ ဆက်သွယ်ကြည့်ခဲ့သေးသော်လည်း အေဂျင်စီနှင့် ညှိနှိုင်းရန်သာ ပြန်လည်လွှဲချခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီက ထိုင်းရောက်မြန်မာအလုပ်သမားများ အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရန် စာထုတ်ညွှန်ကြားထားသည်။

အလုပ်သမားများ၏ အခက်အခဲများကိုမူ ဖြေရှင်းပေးခြင်းမရှိဘဲ အခွန်ကောက်ရန်သာ အားထုတ်နေသည့် စစ်ကောင်စီကို ပြည်ပရောက် မြန်မာလုပ်သားများက ကန့်ကွက်ဆန္ဒပြနေကြသည်။

မြန်မာအလုပ်သမားများကို နှစ်သစ်ကူးပြီးလျှင် အလုပ်ထွက်စာတောင်း၍ အလုပ်ပြောင်းပေးမည်ဟု အေဂျင်စီဘက်က ပြောဆိုထားသော်လည်း အလုပ်သမားများက ဖြစ်နိုင်ပါက အလုပ်အမြန်ဆုံးပြောင်း၍ လုပ်ကိုင်လိုကြောင်း အလုပ်သမားများက တောင်းဆိုထားသည်။

လက်ရှိတွင် မြန်မာအေဂျင်စီဘက်က ဖြေရှင်းပေးမှုကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်ပြီး မြန်မာအလုပ်သမားများ တောင်းဆိုထားသည်အထိ အဆင်ပြေမှုရရှိရန် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။