တော်လှန်ရေးတွင် ပါလာနိုင်ဖွယ်ရှိသည်ဆိုသော မွန်ပြည်သစ်ပါတီက ၁၁ ကြိမ်မြောက် ညီလာခံ ကျင်းပမည်

0
565
ပုံစာ - နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် မွန်ပြည်သစ်ပါတီ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ၁၁ ကြိမ်မြောက် ညီလာခံကို ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ကျင်းပသွားမည်ဟု မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

ညီလာခံကို ဆွေးနွေးသုံးသပ်သည့် အကြောင်းအရာအပေါ်မူတည်ပြီး တစ်လခန့် ကျင်းပရန် လျာထားသော်လည်း ညီလာခံကျင်းပနေချိန်တွင် အရေကြီး နိုင်ငံရေးအပြောင်းအလဲကိစ္စတစ်ခုခုဖြစ်ပေါ်လာပါက ညီလာခံကို ရပ်ဆိုင်းထားမည်ဟု စီစဉ်ထားကြောင်း ပါတီနှင့်နီးစပ်သူများထံမှသိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံတွင်သာ ပြန်လည်ရွေးချယ်လေ့ရှိသည်။

မွန်ပြည်သစ်ပါတီသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲတွင် ပါဝင်လာခြင်းမရှိသေးဘဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် လမ်းစဉ်ကို ဆက်လက်စွဲကိုင်ထားသည့်အပေါ် ဝေဖန်ခံနေရသည်။

သို့သော် ညီလာခံမကျင်းပခင် ရက်ပိုင်းအလိုမှာပင် လွတ်လပ်သော မွန်သတင်းအေဂျင်စီနှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာတို့ မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နိုင်ဟံသာက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်၊ မူဝါဒလမ်းစဉ် ပြောင်းလဲသင့်လျှင် ပြောင်းလဲရမည်ဟု ဖြေဆိုထားသည်။

“တိုက်ပွဲက အခု မွန်ဘက်ကိုလည်း ရောက်လာပါပြီး။ ကျွန်တော်တို့ မလှုပ်ရှားပဲ နေနေမယ်ဆိုရင် တခြားအဖွဲ့တွေက အကုန်လုံးသိမ်းသွားနိုင်တယ်။ အဲလိုရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ မြင်နေရတယ်။ အခုကတော့ ကျွန်တော်တို့လည်း စဉ်းစားနေရတယ်၊ ကျွန်တော်တို့ရဲ့လမ်းစဉ်တွေ ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်” ဟု နိုင်ဟံသာက ဖြေဆိုထားသည်။

ထိုကြောင့် ယခု ကျင်းပမည့် ပါတီ ညီလာခံမှ မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေး မူဝါဒ၊ ရပ်တည်ချက်များ တစ်စုံတရာပြောင်းလဲလာပြီး တော်လှန်ရေးတွင် မွန်ပြည်သစ်ပါတီ ပါဝင်လာမည်ဟု မျှော်လင့်နေသူများရှိကြသလို မွန်ပြည်သစ်ပါတီသည် ၎င်းတို့၏ မူလနိုင်ငံရေးရပ်တည်ချက်အတိုင်း ဆက်သွားနေဦးမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

အသက် ၃၀ ဝန်းကျင် မွန်လူငယ်တစ်ဦးက “တော်လှန်ရေးမှာ မွန်ပြည်သစ် ပါဝင်လာဖို့က မမြင်မိသေးဘူး။ ဒီအတိုင်းဘဲ ဆက်သွားဦးမယ်ထင်တယ်။ တော်လှန်ရေးမှာ သူတို့ ပါဝင်လာဖို့က လူငယ်တွေ ဖိအားပေးမှ ထင်တယ်။ အခုက မွန်လူငယ်အများစုကလည်း တော်လှန်ရေးကို စိတ်မဝင်စားကြဘူး” ဟု ပြောသည်။

ပါတီညီလာခံတွင် မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ အခြေခံဥပဒေပိုင်းဆိုင်ရာ၊ ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ၊ နိုင်ငံရေးအခြေအနေ၊ အထွေထွေကဏ္ဍ အစရှိသည့် ကဏ္ဍများ သုံးသပ်ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ယခု ကျင်းပမည့် ညီလာခံတွင် ဗဟိုကော်မတီဝင် အသစ် ၆ ဦးကို တိုးမြှင့် ရွေးချယ်တင်မြှောက်သွားရန် ရှိသည်ဟုလည်း သိရသည်။

ညီလာခံတွင် ပါတီကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အကြံပေးအဖွဲ့များ တက်ရောက်ကြမည်ဟုလည်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ပါတီညီလာခံတွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ ၉ ဦး၊ ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရံကော်မတီဝင် ၅ ဦးတို့ကို ပါတီတွင်း ဆန္ဒမဲဖြင့် ရွေးကောက်တင် မြှောက်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဒုတိယအကြိမ်အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက်ဆိုပြီး မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားခဲ့သည်။