သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

0
1063

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးရမိပြီးနောက် မြို့ခံ စီးပွားရေးလုပ်ရှင်အပါအဝင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံများနှင့်အတူ စစ်ကောင်စီတပ်တို့က ဖမ်းဆီးရမိခဲ့သည်။

ထိုနေ့ ညတွင်ပင် စစ်ကောင်စီတပ်က ဟေမဝန် ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်ကို အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

“ဆက်တိုက်ကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာလဲဆိုတာကတော့ မသိနိုင်ပေမယ့်။ လက်နက်နဲ့ မိတဲ့လူနဲ့တော့ ဆက်စပ်နေလိမ့်မယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ အဲလူကိုဖမ်းမိပြီးတော့မှ ဆက်တိုက်ဖမ်းလာတယ်ဆိုတော့” ဟု သံဖြူဇရပ်မြို့ခံ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ရွှေဆိုင်၊ ဈေးဆိုင်ပိုင်ရှင်များအပါအဝင် လူငယ် အမျိုးသား၊ အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရပြီး အချက်အလက် အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ဖမ်းဆီးခံထားရသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသလို လက်ရှိအချိန်ထိ မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း မြို့ခံများထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံအရပ်သားပြည်သူ ၈၀၀ ကျော် ရှိသည်ဟု သိရသည်။