ကျိုက်မရောတွင် စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံသောင်းနှင့်ချီ ထွက်ပြေးနေရ

0
699

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း စစ်ရေးဆက်လက်ပြင်းထန်နေပြီး ဒေသခံနှစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်များ တည်ရှိရာနေရာသို့ ဒရုန်းဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

“ချောင်းနှစ်ခွမှာ တိုက်ပွဲဖြစ်ပွားပြီးကတည်းက နေ့တိုင်းလိုလိုပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ဒီရက်ပိုင်းဆို ပိုဆိုးလာတယ်။ လက်နက်ကြီးတွေက လူနေအိမ်ကြားမှာ ကျနေတော့ လူတွေလည်း မနေရဲကြတော့ဘူး။ တိုက်ပွဲဖြစ်လာ မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ကျိုက်မရောမြို့နယ်၊ မယ်ကရိုကျေးရွာခံတစ်ဦးက ပြောဆိုသည်။

ထို့ကြောင့် ပျားတောင်ဒေသတွင်းက မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ကော့ဝမ်း၊ ကွမ်းငန်း၊ ကတုံစိ၊ ဝဲငဲ့၊ အံကရဲ၊ ဖားပျောက် ကျေးရွာတို့က ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ချောင်းနှစ်ခွ ဘက်က ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ ပေါလောကုန်း အစရှိသည့် ကျေးရွာက ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒေသခံများသည် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ပေါ်ဘက်သို့ ပြောင်းရွှေ့သွားကြသည်ရှိသလို အချို့ကလည်း ကျိုက်မရောမြို့နယ်အတွင်းက နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေ နေအိမ်များနှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရကြောင်း ထွက်ပြေးတိမ်းရှောင် နေရသူများကို အကူအညီပေးနေသူတို့က ပြောသည်။

ပျားတောင် လိုဏ်ဂူထဲတွင်လည်း တိမ်းရှောင်နေကြရသူ ၂၀၀ ဝန်းကျင် ရှိနေကြောင်းလည်း ၎င်းတို့က ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသူများ အထူးသဖြင့် ပျားတောင်လိုဏ်ဂူထဲ တိမ်းရှောင်နေကြရသူများ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အခြေခံဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း အကူအညီပေးသူတို့က ပြောဆိုသည်။

“သူတို့က သောက်သုံး‌ရေ၊ စားနပ်ရိက္ခာတွေ ပြီးတော့ ဆေးတွေပေါ့။ နှာစေး၊ ချောင်းဆိုး၊ အကိုက်အခဲ (ပျောက်ဆေး) အဲဒီဆေးတွေ လိုအပ်နေတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲသည် ချောင်းနှစ်ခွကျေးရွာဘက်တွင်သာမက ပျားတောင်ဒေသဘက်တွင်လည်း ဖြစ်ပွားလာနေပြီး တိုက်ပွဲသည် ကျိုက်မရောမြို့နယ်တစ်ခုလုံးတွင် ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံတို့က ပြောဆိုကြသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ရေးလှုပ်ရှားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်အင်အားတိုးချဲ့လာနေကြောင်း ဒေသခံတို့က ပြောသည်။

“အခြေအနေက တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်။ အခုကတော့ နှစ်ဖက်ထိတွေ့ပြီး တိုက်တဲ့ အခြေအနေ မဟုတ်သေးပေမယ့် ကရင်ဘက်ကလည်း ရှိနေတယ်။ စစ်တပ်ဘက်လည်း ရှိနေတော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်” ဟု ပျားတောင်ဒေသတစ်ဦးက ပြောသည်။

ကျိုက်မရောတိုက်ပွဲအတွင်း ကလေးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် မီးလောင်ခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခြင်းများ ရှိနေသည်။

ကျိုက်မရောတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ချသူ ၃၂ ဦးအထိ ရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။