ချင်းမိုင်တွင် ကိုယ်ဝန်ဆောင်မြန်မာအလုပ်သမားတစ်ဦး ဘတ် ၂ သိန်းကျော်တန်ဖိုးရှိ ရွှေထည်များ ခိုးယူခံရ

0
1083

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင်နေထိုင်သည့် ကိုယ်ဝန်ဆောင်မြန်မာအလုပ်သမား မနန်းရွှေဥ၏ ဘတ် ၂ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်အမျိုးသမီးကဆိုသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်မှစ၍ အလုပ်လုပ်ရင်းစုထားသော ဘတ် ၂၃၇၃၀၀ တန်ဖိုးရှိ ရွှေထည်များကို ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း အသက် ၂၈ နှစ်အရွယ်ရှိ မနန်းရွှေဥကဆိုသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် သမီးဖြစ်သူနှင့်အတူ လွယ်ကထုန်ပွဲတော်မှ ပြန်လာပြီး အဝတ်အစားလဲရန် ဗီဒိုကို ဖွင့်လိုက်စဉ် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေပြီး ဘူအခွံများသာ ကျန်ရှိနေကြောင်း ၎င်းထံမှသိရသည်။

ရွှေထည့်ထားသော အံဆွဲကို အမြဲသော့ခတ်ထားလေ့ရှိသော်လည်း သူခိုးက အခြားတစ်ခုခုဖြင့်ဖွင့်၍ ယူသွားသည့်ပုံစံဖြစ်ကြောင်း သိရသည်။

သူမသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်မှစ၍ နေထိုင်လုပ်ကိုင်နေခဲ့ပြီး မိသားစုများကို ထောက်ပံ့နိုင်ရန်နှင့် ကလေးမွေးဖွားစရိတ်၊ ပညာသင်စရိတ် စသော နောင်ရေးကိစ္စများအတွက် ရည်ရွယ်၍ အလုပ်လုပ်ရင်း ရွှေများကို ဝယ်ယူစုဆောင်းခဲ့ကြောင်း သူမက ဆိုသည်။

“ပြန်ရရင်တော့ ပျော်မှာပဲ။ မရသေးရင်လည်း ဆက်လုပ်သွားဖို့ရှိတယ်။ ကျွန်မမှာ ကလေးတွေလည်း ရှိတယ်လေ။ ကလေးတွေကို ကျောင်းပို့နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်” ဟု ၎င်းက ပြောသည်။

မြန်မာအမျိုးသမီးသည် ကိုယ်ဝန် ၆ လလွယ်ထားရသူဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ် မတ်လအစောပိုင်း တွင် မွေးဖွားရန် စီစဉ်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကလေးကို ခွဲစိတ်မွေးဖွားရန် ဆရာဝန်က ညွှန်ကြားထားသဖြင့် စုထားသော ရွှေထည်များမှ မွေးဖွားစရိတ်အတွက် ဘတ် ၆၀၀၀၀ ကျော်ကို ပြန်လည်ထုခွဲရောင်းချရန် ရည်ရွယ်ထားကြောင်း‌ သိရသည်။

ခိုးယူသွားသောသူသည် သူမကို မသနားဘဲ ကလေးကို သနားသောအားဖြင့် သတင်းကိုကြားသိရပါက အမြန်ဆုံးလာရောက်ပေးအပ်ရန် တိုက်တွန်းထားပြီး ရွှေခိုးခံထားရသဖြင့် ကလေးမွေးဖွားစရိတ်မရှိဘဲ အခက်အခဲဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရွှေထည်ပစ္စည်းခိုးသွားသူကို ရှာဖွေဖမ်းဆီးနိုင်ရန်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

Ref: CH 7 News HD