ရွှေ၊ထိုင်းဘတ်နှင့် စက်သုံးဆီဈေး သုံးသပ်ချက်

0
1429

ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် အတက်အကျဖြစ်နေသလို ထိုင်းဘတ်မှာလည်း ဖြည်းဖြည်းသာ တက်ရိပ်ပြနေသည်။

ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ အလှုပ်အခတ်နည်းနေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းခွဲမှ သုံးဆယ်လေးသိန်းကိုးသောင်း ကြား အတက်အကျဖြစ်နေခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြလာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၃ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၈၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် နှစ်ထောင့်တစ်ရာကျပ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၀ ကျပ် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ လက်ရှိနှုန်းထားထက် အနည်းငယ်ကျဆင်းနိုင်သော်လည်း ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေသလို ဒေါ်လာငွေလဲနှုန်းကလည်း အလှုပ်အခတ်နည်းနေသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၃၈  ဒေါ်လာဝန်းကျင် ဈေးပေါက်နေသည်။ဒေါ်လာငွေလဲနှုန်းကလည်း တစ်ဒေါ်လာလျှင် ငွေကျပ်၃၃၀၀ ဝန်းကျင်ပေါက်ဈေးရှိနေသည်။

ရွှေဈေးကျနိုင်သော်လည်း ရှမ်းမြောက်ဒေသ အပါအဝင် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်လာသည့်အတွက် ငွေကြေးအစား ပိုမိုခိုင်မာသည့် ရွှေကိုသာ ဝယ်ကိုင်ထားကြမည့် အနေအထားလည်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြားဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားသည်။

နိုင်ငံခြားပိုင် ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အကျိုးသက်မည်ဖြစ်သည်။

ထိုအခင်းအကျင်းများကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ကျရိပ်ပြနိုင်သော်လည်း ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း အနည်းငယ် ပြန်ကျလာနိုင်သည့် အခင်းအကျင်းဖြစ်နေသည်။

ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးလာသည့်အတွက် ဘတ်ငွေလိုအပ်ချက်နည်းကာ ကျရိပ်ပြလာနိုင်သည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးကွက်တွင် သက်ရောက်မှုကြီးနိုင်မည်ဟု ယူဆရသည်။

ဓာတ်ဆီဝယ်ယူရခက်ခဲခြင်းနှင့် ‌စျေးတက်ခြင်းတို့ဖြစ်လာနိုင်သည်။