ဘီးလင်းတွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရ

0
726

ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ ဦးပေါင်တိုအရက်ဆိုင်တွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်အချိန်ခန့်က ရဲတပ်သား ဇော်ဝင်းနိုင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးပေါင်တိုအရက်ဆိုင်တွင် ရှိနေစဉ် သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားသည် လည်ပင်းနှင့်ပေါင်တွင် ကျည်ဖောက်ဝင်သွားပြီး အခင်းဖြစ်ပွားရာအရက်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ပစ်သတ်ခံရတဲ့ ရပ်တပ်သားက ပြောင်းလာတာမကြာသေးဘူး။ ရွာပြင်က အရက်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ သေနတ်သမားတွေက လာပြီး ပစ်သတ်သွားခဲ့တယ်” ဟု ဝင်းကရွာခံတစ်ဦးက ပြောသည်။

ရဲတပ်သားဇော်နိုင်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းနောက် ရဲတပ်သား၏ရုပ်အလောင်းကို ဘီးလင်းဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။