ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

0
886
ဓာတ်ပုံ - ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က ယနေ့ (အောက်တိုဘာ ၁၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အသက် ၅၂ အရွယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းသည်

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ်  ပစ်ခတ်ခံရခြင်းဖြစ်သည်။  

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့်အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားခဲ့သည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

“သူက (ဦးဇော်နိုင်လင်း) လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန်။ ထိုင်နေတာကတော့ သူတစ်ယောက်တည်းပဲ အဲချိန်မှာ ဟိုက (သေနတ်သမား) ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်။ သုံးချက်လောက် ပစ်ထည့်ပြီး ပြန်ထွက်သွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။  

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရပြီးနောက် ရေးမြို့ပေါ်အနှံ့နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သလို အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက်မှ ဦးအောင်သူ (ခ) ဦးစည်သူဆိုသူ ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

ယင်းပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေးမြို့ရှိ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိသူကို ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။