ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

0
887

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ထားဝယ်တက္ကသိုလ် ၊ ဒဿနိကဗေဒဘာသာရပ်အထူးပြု ၊ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို အောက်တိုဘာ ၁၆ တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုလင်းထက်ဖြိုးကို ဇူလိုင်လ ၂၆ ရက် က ထားဝယ်မြို့ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၅ဝ(ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုပြီးနောက် ၂ လ ကျော်အကြာတွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ အမိန့်က အပြီးသတ်အမိန့်ပါပဲ။ နောက်ထပ်အမှုထပ်မရှိတော့ဘူး“ ဟု ကိုလင်းထက်ဖြိုး၏ မိတ်ဆွေတစ်ဦးကပြောသည်။

ကိုလင်းထက်ဖြိုး သည် ထားဝယ်ဒေသခံ လူငယ် DJ Artist တစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သပိတ်စစ်ကြောင်းများတွင် Medical cover အဖြစ် လိုက်ပါကူညီပေးဖူးကြောင်း၊ အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်ဘဲ ရပ်နားထားသူဖြစ်ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တက္ကသိုလ် က ကျောင်းသား၊ကျောင်းသူ ၃၀ နီးပါး ဖမ်းဆီးခံရပြီး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသည်။